(က)-စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အကြောင်းအရာ (၃) ခု နှင့် စပ်လျဉ်းသည့်မေးခွန်း
မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် အမှတ် ၄၁၅/၄ အနီးရှိ လယ်မြေပေါ်တွင် မြေဂရန် သို့မဟုတ် လ/န ၃၉ မရှိဘဲ စက်သုံးဆီ အရောင်းဆိုင်ဆောက်လုပ်ဖွင့်လှစ် သိုလှောင်ရောင်းချနေသည်ကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် သိပါသလား။ ယခင်ကလည်း အခြားနေရာများရှိ လယ်မြေပေါ်တွင် သက်ဆိုင်ရာရဲ့ခွင့်ပြုချက်မရဘဲ ကြိုတင်ဆောက်လုပ်ခဲ့ပြီး ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင်များအား ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင်ရောင်းချရေးကော်မတီအနေဖြင့် ယခုအချိန်ထိ စစ်ဆေးအရေးယူ ပိတ်သိမ်းခြင်းမပြုဘဲရှိနေသည်ကို ပြည်ထောင်စုအစိုးရအဖွဲ့အနေနှင့် သိပါသလား။ ထို့ကြောင့် တရားဝင်ခွင့်ပြုချက်ရရှိပြီး စည်ပင်ခွန်၊ သိုလှောင်ခွန်၊ ရောင်းချခွင့်ခွန်၊ ကုန်သွယ်ခွန်၊ ဝင်ငွေခွန် စသည်ဖြင့် အခွန်အခများပေးဆောင်လျက် တရားဝင်ရောင်းချနေသည့် ဆိုင်များအနေဖြင့် ဈေးနှုန်း ယှဉ်ပြိုင်ရောင်းချရေးအတွက် အခက်အခဲများ ရှိနေသောကြောင့် ယင်းကိစ္စအပေါ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် မည်သို့အရေးယူ ဆောင်ရွက်ပေးပါမည်နည်းကို မေးမြန်းပါသည်။