(ဂ)-မြန်မာနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များက ပညာရေးဆိုင်ရာ ချေးငွေများနှင့် ကျောင်းသား ချေးငွေများ (Education Loans and Student Loans) ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးမည့် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ပြည်သူများရဲ့ပညာရည်မြင့်မားရေး၊ တက္ကသိုလ် ကျောင်းသားများအဆင်ပြေချောမွေ့စွာ စိတ်အေးချမ်းသာစွာဖြင့် ပညာဆည်းပူးသင်ယူနိုင်ရေး၊ ပညာမဲ့ လူတန်းစားအချိုး လျှော့ချရေးအတွက် နိုင်ငံတိုင်းမှာ အစိုးရကသော်လည်းကောင်း၊ လူမှုအဖွဲ့အစည်း များ ကုမ္ပဏီများကသော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းမှသော်လည်းကောင်း ပညာသင် ထောက်ပံ့ကြေးများ ပေးရတဲ့အစီအစဉ်ရှိကြပါတယ်။ ထို့အပြင် ပြည်ပနိုင်ငံများစွာမှာ ပညာသင်ကြား ရေးအထောက်အကူဖြစ်စေမယ့် ပညာရေးချေးငွေ ကျောင်းသားချေးငွေများကို အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များက အတိုးနှုန်းသက်သာစွာနဲ့ ထုတ်ချေးပေးတာကို တွေ့ရှိရပါတယ်။ ဥပမာ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံတို့မှာ ပုံသေအတိုးနှုန်းချေးငွေ (Fixed Rate Loan)ဖြင့် အခြေခံပညာ အဆင့် တိုက်ရိုက်ထောက်ပံ့ကြေးချေးငှေကို အတိုးနှုန်း ၃.၄ ကနေ ၆.၈ ရာခိုင်နှုန်းကြားဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့်နဲ့ကောလိပ်၊ ဘွဲ့ဒီဂရီတက်ထူးချွန်ကျောင်းသားအားလုံးအတွက် ပြောင်းလဲနိုင်တဲ့ အတိုးနှုန်းလည်း ၁.၇၉ ရာခိုင်နှုန်းကနေပြီးတော့ ၃.၁၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးတာကို တွေ့ရှိရပါတယ်။ ထိုနည်းတူစွာပဲ အင်္ဂလန်နိုင်ငံ၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ အိန္ဒိယနိုင်ငံစတဲ့နိုင်ငံတွေကလည်း ပညာရေးချေးငွေ ကျောင်းသား ချေးငှေများထုတ်ချေးပေးတာ ကိုတွေ့ရှိရပါတယ်။ ထူးခြားချက်အနေနဲ့ အိန္ဒိယနိုင်ငံမှာ ဘဏ်ဝန်ဆောင်ခထက်တောင်နည်းတဲ့ အတိုးနှုန်း ဝ.၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးတာကို တွေ့ရှိရပါတယ်။ သူတို့ထုတ်ချေးပေးတဲ့အတွက် ကြောင့်မို့လို့ ဆင်းရဲပေမယ့် ပညာတော်တဲ့ကျောင်းသူ ကျောင်းသားများအတွက် ပညာဆက်လက် ဆည်းပူးနိုင်တဲ့ အခွင့်အလမ်းနဲ့  အလုပ်အကိုင်ရရှိနိုင်ဖို့ အခွင့်အလမ်းများပြားလာခြင်း၊ လုပ်ငန်းကဏ္ဍ အသီးသီးမှာ လိုအပ်တဲ့လူတော်လူကောင်းဝန်ထမ်းကောင်းများ ရရှိနိုင်မယ့်အခွင့်အရေး၊ အခွင့်အလမ်းများ များပြားလာခြင်းစတဲ့ အကျိုးကျေးဇူးများစွာကို  ရရှိနိုင်ပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းကို ဖြေကြားပေးဖို့ မေးမြန်းအပ်ပါတယ်။ မြန်မာနိုင်ငံရှိအစိုးရနှင့် ပုဂ္ဂလိကဘဏ် များက နိုင်ငံသားများရဲ့ ပညာရည်မြင့်မားရေးအတွက် ပညာရေးဆိုင်ရာချေးငွေများနှင့် ကျောင်းသား ချေးငွေများ (Education Loan and Student Loan) တို့ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေး ပေးနိုင်မယ့် အစီအစဉ် စီမံဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိနှင့် စီမံဆောင်ရွက်ထားခြင်းရှိ၊ မရှိကို သိရှိလို ကြောင်း မေးမြန်းပါသည်။