(င)-လှည်းတန်းပေ ၅၀ လမ်းပေါ်ရှိ ပြန်ကျဈေးသည်များအား စနစ်တကျ နေရာချပေးရန်နှင့် လှည်းတန်း ဈေးသစ်ကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ ဥပဓိရုပ် သန့်ရှင်းမှု ရှိအောင် ပြုပြင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ကမာရွတ် လှည်းတန်းဈေးကြီး ပြုပြင်စဉ်က ယာယီရောင်းချခွင့်ပြုခဲ့ရာမှ ယနေ့ထက်တိုင် ရောင်းချလျက်ရှိသော ကမာရွတ် လှည်းတန်း ပေ ၅၀ လမ်းပေါ်ရှိ ပျံကျဈေးသည်များအား နေရာချပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် လှည်းတန်းဈေးကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ ဥပဓိရုပ်သန့်ရှင်းသပ်ရပ်မှုရှိအောင် အကြီးစား ပြုပြင်ရန် အစီအစဉ် ရှိ၊ မရှိသိလိုကြောင်း စပ်လျဉ်းသည့်မေးခွန်းပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ ကမာရွတ်လှည်းတန်းဈေးကြီးပြုပြင်စဉ်က ပျံကျဈေးသည်များ ကို ကမာရွတ်လှည်းတန်း ပေ ၅၀ လမ်းပေါ်မှာ ယာယီရောင်းချခွင့်ပြုဖို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ခွင့်ပြုပေးထားခဲ့ပါတယ်။ အခုအခါမှာ လှည်းတန်းဈေးကြီး ဆောက်လုပ် ပြီးစီးသော်လည်းပဲ အဲ့ဒီပေ ၅၀ လမ်းပေါ်မှာရှိတဲ့ ပျံကျဈေးသည်များဟာ ယနေ့ထက်တိုင် နံနက် ၅ နာရီမှ ည ၉ နာရီခွဲ ၁၀ နာရီအထိ စည်းကမ်းမဲ့စွာ ရောင်းချလျက်ရှိကြပါတယ်။ အဲဒီ လှည်းတန်းပေ ၅၀ လမ်းမှာ လမ်းခွဲ ၁ ကစပြီး ၇ လမ်းအထိရှိတာမှာ အဲဒီလမ်းပေါ်ရှိ နေအိမ်များသို့ ပေ ၅၀ လမ်းမှ ဝင်ရောက်ရတာဖြစ်ပြီးတော့ ယခုအခါမှာ ဒီပျံကျဈေးသည်များ တစ်နေကုန်ဈေးထွက်နေတဲ့အတွက် ပိတ်ဆို့နေပြီး မော်တော်ယာဉ်များ ဝင်/ထွက်ရန် အခက်အခဲနဲ့လည်း တွေ့ကြုံနေရပါတယ်။ အဲဒီပျံကျ ဈေးကို အမှီပြုပြီးတော့ လှည်းတန်းလမ်းမကြီးကနေ ပေ ၅၀ လမ်းကို ဝင်တဲ့ အိမ်တွေဘက်မှာလည်းပဲ အကြော်ဆိုင်တွေ၊ ဆိတ်သားဆိုင်၊ ကုန်ခြောက်ဆိုင် ဆိုင်မျိုးစုံကျူးကျော်လျက်ရှိပြီးတော့ ဆိုက်ကား ဂိတ်တွေပြုလုပ်ထားတဲ့အတွက်ကြောင့် ဒီရပ်ကွက်လမ်းကို အဝင်မှာပိတ်ဆို့ပြီး မီးဘေးအန္တရာယ် ရှိပါက မီးသတ်ကားများဝင်ဖို့လည်း အခက်အခဲကြုံတွေ့နေကြောင်း သိရပါတယ်။ နောက်တစ်ခါ ဒီပေ ၅၀ လမ်း ၁ မှ ၇ လမ်းအထိ ဆောက်ထားတဲ့အိမ်တွေကလည်း အဆင့်မြင့် ခြောက်ထပ်၊ ခုနစ်ထပ်တိုက် တွေဖြစ်တဲ့အတွက် ရပ်ကွက်အင်္ဂါရပ်နဲ့အညီ ဥပဓိရုပ်ကောင်းမွန်သော်လည်းပဲ ဒီလမ်းတွေကို ဝင်ရောက်ရမယ့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှုနှင့် ဈေးသည်များ စည်းမဲ့ကမ်းမဲ့ရောင်းချမှုကြောင့် ရပ်ကွက်အင်္ဂါပျက်စီးပြီး ရပ်ကွက်အတွင်းရှိပြည်သူများ စိတ်မချမ်းမြေ့စွာနေကြရတဲ့အကြောင်း တွေ့ရှိရပါတယ်။ကမာရွတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ နံနက် ၅ နာရီမှ ၁၁ နာရီအထိ ဒီဈေးသည်တွေကို ရောင်းချဖို့ ညွှန်ကြားထားသော်လည်းပဲ ဈေးသည်တွေဟာ တစ်နေကုန်ရောင်းချ လျက်ရှိပြီး ညည့်နက်ရင် ဖယောင်းတိုင်ထွန်းပြီးရောင်းတယ်။ ငါးအညှီတွေကို လမ်းမပေါ်မှာ စည်းကမ်းမဲ့စွာ သွန်တယ်။ ဒါတွေကို ရပ်ကွက်ပြည်သူတွေဟာ လူမှုဒုက္ခအပေါင်း ခံစားနေရပြီးတော့ ယခုအခါမှာ နှေရာသီရောက်တဲ့အခါမှာ မီးဘေးအန္တရာယ်ကို စိုးရိမ်နေကြတဲ့အတွက်ကြောင့် အခုရှိ နေတဲ့ ပျံကျဈေးသည်များကို မည်ကဲ့သို့ စနစ်တကျနေရာချထားပေးပြီးတော့ ဒီလမ်းရပ်ကွက်ကို ဥပဓိရုပ်နဲ့အညီ၊ မြို့အင်္ဂါနဲ့အညီဖြစ်အောင် မည်ကဲ့သို့ဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ်ကို သိရှိလို ကြောင်း မေးမြန်းတာ ဖြစ်ပါတယ်။ နောက်တစ်ခုက တည်ဆောက်ထားပြီးဖြစ်တဲ့ ကမာရွတ်လှည်းတန်း ဈေးကြီးဟာလည်း ယခုအခါမှာ ပတ်ဝန်းကျင်မှာ အင်မတန်မှ သစ်လွင်ကောင်းမွန်တဲ့ ဈေးကြီးတွေ၊ တိုက်တာကြီးတွေ ပေါ်နေတဲ့အချိန်မှာ ဒီဈေးကြီးဟာ လှည်းတန်းဈေးကြီးဟာ ဈေးအင်္ဂါရပ်နဲ့ မညီဘဲနဲ့ ဥပဓိရုပ်လည်းပဲ မကောင်းဘဲနဲ့ သန့်ရှင်းသာယာမှု၊ သပ်ရပ်မှုနည်းပါးနေတဲ့အတွက် ဒီဈေးကြီးကို လည်းပဲ ခေတ်နဲ့အမီ အကြီးစားပြုပြင်ပေးရန်အတွက် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။