(စ)-သမ္မတရုံး ဝန်ကြီးဌာန(၁) နှင့် သက်ဆိုင်သည့် အကြောင်းအရာ ၄ ခု နှင့်စပ်လျဉ်းသည့် မေးခွန်း
မြောက်ဥက္ကလာပမြို့နယ်ဟာ ဆိုလို့ရှိရင် ရွှေပေါက္ကံ၊ ဝေဘာဂီစတဲ့ မြို့သစ်ရပ်ကွက်များအပါအဝင် ရပ်ကွက် ၁၉ ခုနှင့်ဖွဲ့စည်းထားရှိပြီးတော့ လူဦးရေအလွန်ထူထပ်များပြားတဲ့ မြို့နယ်ကြီးတစ်ခုဖြစ်ပါတယ်။ အဲ့ဒီမြောက်ဥက္ကလာပမြို့နယ်မှာ နံပါတ် (၁) အနေနဲ့ အလွန်ကြီးမားတဲ့ ပြဿနာဖြစ်ပြီးတော့ ဆရာမနိုင် နှစ်ဆောင်ပြိုင်လို့ပြောရမယ့် ပြဿနာရပ်ကတော့ နှစ်စဉ်လိုလိုပဲ မိုးရာသီရောက်တိုင်းမှာ မြို့နယ်မှာရှိတဲ့ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးအပါအဝင် မြို့နယ်စီးပွားရေးဘဏ်၊ မြို့နယ်တရားရုံး၊ မြို့နယ်ရဲစခန်း များအပါအဝင် ရပ်ကွက်တိုင်းလိုလိုမှာ ရေကြီးရေလျှံရေဝပ်တာဖြစ်ပါတယ်။ အဲ့ဒီလို ရေကြီးပြီဆိုရင် လည်း နှစ်စဉ်လိုလိုရေကြီးတဲ့အခါမှာ ပြန်ပြီးတော့ ရေကျဖို့ဆိုရင် ၄၊ ၅ ရက်လောက်ကြာတတ်ပါတယ်။ အဲ့ဒီလို ရေကြီးတဲ့အတွက် ဘယ်လိုဆိုးကျိုးတွေ ခံစားရသလဲဆိုရင် ပြည်သူလူထုထည့်ဝင်ငွေများဖြင့် တည်ဆောက်ထားတဲ့ လမ်းများပျက်ခြင်း၊ ရောဂါဘယများဖြစ်ပွားခြင်း၊ အဲဒီရောဂါဘယဖြစ်ပွားတဲ့ နေရာမှာ သှေးလွန်တုပ်ကွေးတို့၊ ငှက်ဖျားတို့၊ ဝမ်းလျှောဝမ်းပျက်ရောဂါတို့ဟာ ထိပ်ဆုံးကအဖြစ်များ ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်ဟာ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်တွေထဲမှာဆိုလို့ရှိရင် နှစ်စဉ်မိုးရာသီရောက်တိုင်း သွေးလွန်တုပ်ကွေးအဖြစ်များဆုံး မြို့နယ်ထဲမှာ တစ်ခုအပါအဝင် အဖြစ်ရပ်တည်နေပါတယ်။ အဲ့ဒီလို သွေးလွန်တုပ်ကွေး၊ ဝမ်းလျှောဝမ်းပျက်နှင့် ငှက်ဖျားရောဂါများ ပျံ့နှံ့ဖြစ်ပွားသည့် အပြင်မြို့နယ်ဘဏ်ဆိုလို့ရှိရင် မြို့နယ်စီးပွားရေးဘဏ်ပရိဝုဏ်အတွင်းမှာကိုပဲ မိုးကြီးပြီဆိုလို့ရှိရင် ရေဟာဆိုလို့ရှိရင် ပရိဝုဏ်အတွင်းထဲမှာ ဒူးဆစ်လောက်အထိ နီးပါးမြုပ်ပြီးတော့ ရုံးထဲမှာဆိုလို့ရှိရင်လည်း ခြေသလုံးမြုပ်တဲ့အထိ ရေများဝင်ရောက်တဲ့အတွက် ဘဏ်မှာလာတဲ့ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူလူထုဟာ ဒုက္ခများစွာနဲ့ကြုံတွေ့ရပါတယ်။ နောက်တစ်ခုဟာ လည်းပဲ ဒီလိုရေတွေကြီးတဲ့အတွက် လူတွေဟာ သွားရေးလာရေးမှာလည်း အင်မတန်ဒုက္ခရောက် ပါတယ်။ ဒါနံပါတ်(၁) ပြဿနာဖြစ်ပါတယ်။ နံပါတ် (၂) အနေနဲ့ဆိုလို့ရှိရင်တော့ တချို့ရပ်ကွက်တွေမှာ ဒေသကန်ကြီးတွေဟာ တိမ်ကောပြီးတော့ ကျူးကျော်အိမ်တွေ ဝင်ရောက်ဆောက်လုပ်ကြတယ်။ ပြီးတော့ မီးသတ်ရာမှာမီးလောင်တဲ့အခါမှာ အလွန်အသုံးဝင်တဲ့ မီးတားွမေဆိုတာ မြောက်ဥက္ကလာပမြို့ စတည်စဉ်မှာ ရှိခဲ့ပါတယ်။ အခုတော့ မီးတားမြေတွေလည်း ပျောက်ကွယ်သွားပြီးတော့ ကျူးကျော်အိမ် တွေ ဝင်ရောက်ဆောက်လိုက်တဲ့အတွက် နွေရာသီမှာ မီးရေးထင်းရေးဖြစ်မယ်ဆိုလို့ရှိရင် အခက်အခဲ တွေ ဖြစ်ပေါ်လာနိုင်တာ တွေ့ရပါတယ်။ မြောက်ဥက္ကလာပမြို့နယ်မှာဆိုလို့ရှိရင် ကာရာအိုကေဆိုင် တွေ၊ အရက်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေက အလွန်ပေါများပေမယ့် အားကစားကွင်း၊ စာကြည့်တိုက်တွေ ကတော့ အလွန်နည်းပါးနေတာကို တွေ့ရပါတယ်။ ရပ်ကွက် ၁၉ ခုက ရပ်ကွက်တိုင်းလိုလိုမှာ ရှိသင့် ရှိထိုက်တာကတော့ အားကစားကွင်းတို့၊ စာကြည့်တိုက်တို့ ရှိသင့်ပါတယ်။ အားကစားကွင်းတွေ မရှိတဲ့အတွက် ရပ်ကွက်ထဲမှာရှိတဲ့လူငယ်တွေဟာ အများပြည်သူအသုံးပြုတဲ့လမ်းများပေါ်မှာ ဘောလုံးကန်တာတွေ၊ ဘာတွေလုပ်ရတဲ့အတွက် ပတ်ဝန်းကျင်နှင့် အနှောင့်အယှက်ဖြစ်ခြင်း၊ လမ်းသွားလမ်းလာများ ထိခိုက်မှုဖြစ်ပြီးတော့ ပြဿနာများဖြစ်ခြင်းများလည်း ပေါ်ပေါက်လျက်ရှိပါ တယ်။ တတိယအချက်အနေနဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ မူလရုပ်ရှင်ရုံ ၂ ရုံရှိပေမယ့် ယခုအခါမှာ တော့ ရုပ်ရှင်ရုံတစ်ရုံမှ မရှိတော့တာတွေ့ရပါတယ်။ နံပါတ် (၄) အချက်အနေနဲ့ လျှပ်စစ်မီးနှင့် ပတ်သက်လို့ကတော့ မြောက်ဥက္ကလာပမြို့နယ်မှာ ယခင်ကထက်စာရင် အများကြီးတိုးတက်လာ ပေမယ့် ရပ်ကွက်အချို့မှာ လျှပ်စစ်မီးတွေ မလုံလောက်တာကို တွေ့ရှိရပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး တော့ အခုအထက်ကတင်ပြသွားတဲ့ ပြဿနာရပ်များနှင့်ပတ်သက်ပြီးတော့ ၂၀၁၁ ခု ကာလကတည်း က မြို့နယ်အတွင်းမှာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပေမယ့် ထူးခြားမှု မရှိပါဘူး။ အထူးသဖြင့်တော့ ရေကြီးတဲ့ကိစ္စဟာဆိုလို့ရှိရင် ကျွန်တော်တို့ သွားရောက်ပြီးတော့ ရပ်ကွက်လူထုနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးဟာ သွားရောက်ညှိနှိုင်းတဲ့အခါမှာ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှာ ရေတွေကြီးနေတဲ့အတွက် ရေတွေကို ကျော်ပြီးသွားရပါတယ်။ မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်လို့ ထူးခြားမှုမရှိတဲ့အတွက် ယခုကဲ့သို့ ပြည်သူ့လွှတ်တော်မှာ တင်ပြရခြင်းဖြစ်ပြီးတော့ မြို့နယ်ပြည်သူလူထု နှစ်ရှည်လများခံစားနေရသော ရေကြီးတဲ့ကိစ္စ အပါအဝင် ဘက်စုံလိုအပ်ချက်များသက်သာလျော့ပါးအောင် သက်ဆိုင်ရာများမှ မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။