(င)-လျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရ အနေနဲ့ နေ့မအား၊ ညမနား အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိပါသဖြင့် များစွာ ဝမ်းသာအားရလျက်ရှိပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ရာ တောင်ပေါ် မြေပြန့်တစ်ပြေးညီ တိုးတက်စေရန်လိုအပ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်လိုအပ် သလိုလျှပ်စစ်စွမ်းအင် လုံလောက်စွာရရှိရေးမှာလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ လျှပ်စစ် စွမ်းအင်လုံလောက်စွာရရှိမှသာ ခေတ်နဲ့အညီပညာရေး၊ ကျန်းမာရေး၊ စီပွားရေးနဲ့ စက်မှုကုန်ထုတ် လုပ်မှုများတိုးတက်လာပြီး လူနေမှုအဆင့်အတန်းမြင့်မား လာနိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ပူတာအိုခရိုင်သည် ရေအားလျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်သည့် သဘာဝမြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပါတယ်။ ဤကဲ့သို့ အခြေခံကောင်းများရှိသော်လည်း ယနေ့ထက်ထိ လျှပ်စစ်မီး လုံလောက်စွာရရှိမှုမရှိပါ။ ၁၉၈၇ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည့် နမ္မတူချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် သက်တမ်းအားဖြင့် ၂၄ နှစ်ခန့်ရှိပြီး စက်ရုံအမျိုးအစား မှာလည်း ဂတ်ပလာ ရေအားတာပိုင်စနစ်ဖြင့် တည်ဆောက်ထား၍ရရှိသည့်ဓာတ်အားမှာ ၂၀၀ ကေဗွီ၊ အနည်းဆုံး ၁၄၀ ကေဗွီသာထွက်ရှိပါတယ်။ ရှေးကျသည့်စနစ်ဖြင့် တည်ဆောက်ထားတဲ့စက်ရုံဖြစ်ပါ သောကြောင့် မကြာခဏပျက်လေ့ရှိပါတယ်။ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိလာပါက အစားထိုးပစ္စည်း ရရှိရန်အင်မတန်ခက်ခဲမှုရှိပါတယ်။ ယခုဓာတ်အားပေးနေမှု အခြေအနေမှာ အခြေချစစ်ဗျူဟာ အမှတ် ၄၆ တပ်ရင်း၊ GE တပ်နဲ့ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ လေဆိပ်အဆောက်အအုံများ တို့ကိုသာပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် လျှပ်စစ်မီးလုံးဝမရရှိပါ။ ပူတာအိုမြို့သည် ခရိုင်မြို့ဖြစ် ပြီးမြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄ ခုနဲ့ဖွဲ့စည်း တည်ဆောက်ထားတဲ့မြို့ဖြစ်ပါတယ်။ မြို့ပေါ်တွင် အထက်တန်းကျောင်းနှစ်ကျောင်း၊ နည်းပညာအထက်တန်းကျောင်းတစ်ကျောင်း၊ နတလ အစီအစဉ်ဖြင့် ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းတစ်ကျောင်းနှင့် အလယ်တန်းကျောင်းတစ် ကျောင်း၊ မူလတန်းကျောင်း ၁၀ ကျောင်းရှိပါတယ်။ ပညာသင်ယူလျက်ရှိတဲ့ ကျောင်းသူ၊ ကျောင်းသား များသည် အချိန်နှင့်တစ်ပြေးညီ ကျောင်းစာများရေးရန်၊ ဖတ်ရန်လိုအပ်ပါတယ်။ မိဘပြည်သူများအနေ နဲ့အားလပ်တဲ့အချိန်မှာ နိုင်ငံတော်အစိုးရရဲ့ တိုင်းပြည်တိုးတက်ရေး ဆောင်ရွက်နေမှုသတင်းများ၊ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့အခြေအနေများ၊ နိုင်ငံတကာသတင်းများ ကြည့်ရှုနိုင်ရန် လျှပ်စစ်မီးရရှိ ရန်အင်မတန်လိုအပ်ပါတယ်။ လျှပ်စစ်မီးမရရှိပါက ပညာရေးအတွေးအခေါ် အမြော်အမြင်ဗဟုသုတ နှင့်လူမှုဖွံ့ဖြိုးမှုများစွာ နိမ့်ကျလျက်ရှိနေကြအုံးမှာ ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ပူတာအိုမြို့ လျှပ်စစ်မီးလုံလောက်စွာရရှိနိုင်ရန် နိုင်ငံတော်အစိုးရမှ အသေးစား ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြလိုပါတယ်။ အကယ်၍ တည်ဆောက်ပေးမည်ဆိုပါက လက်ရှိစက်ရုံ၏အထက် တစ်မိုင်ခန့်တွင် ယခင်တိုင်းထွာထားသည့် နေရာကောင်းတစ်နေရာရှိပါတယ်။ အဲဒီနေရာမှာ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဆောင်ရွက် ပေးနိုင်ပါက လျှပ်စစ်ဓာတ်အားသာမက ပူတာအိုလွင်ပြင်တစ်ခုလုံး စိုက်ပျိုးရေရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ အသေးစားစက်ရုံ တည်ဆောက်ပေးမည်ဆိုပါက ကုန်ကျစရိတ်သက်သာမည်ဖြစ် သည့်အပြင် လုပ်ငန်းပြီးစီးမှု မြန်ဆန်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ ထို့ကြောင့် ပူတာအိုမြို့ လျှပ်စစ်မီးရရှိရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် ရှိပါက မည်သည့် အချိန်တွင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မဆောင်ရွက်ပေးနိုင်ပါက မည်သည့်အကြောင်းကြောင့် မဆောင်ရွက်ပေးနိုင်ကြောင်း မေးမြန်းပါသည်။