(ခ) တရားရုံးအပေါ် မမှန်မကန် ကျမ်းကျိန်ဆို၍ အမှုကိုရုံးပြောင်းပေးရန် လျှောက်ထားခြင်းနှင့် ကြန့်ကြာ နေသော ပြစ်မှုဆိုင်ရာအမှုများ အလျင်အမြန်ပြီးစီးရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

(ခ)-ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်)

တရားရုံးအပေါ်မမှန်မကန်ကျမ်းကျိန်ဆို၍ အမှုကိုရုံးပြောင်းပေးရန်လျှောက်ထားခြင်းနှင့် ကြန့်ကြာ နေသောပြစ်မှုဆိုင်ရာအမှုများ အလျင်အမြန်ပြီးစီးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ဖြောင့်မတ်မှန်ကန်တဲ့တရားစီရင်ရေး ဖြစ်ဖို့ဆိုတာ တရားသူကြီးတစ်ဦးတည်းနဲ့မဖြစ်နိုင်ပါဘူး။ တရားစီရင်ရေးမှာပါဝင်ပတ်သက်နေကြတဲ့ ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ ရှေ့နေကြီးများနှင့် တရားသူကြီးများအားလုံးကတိကျမှန်ကန်စွာဆောင်ရွက်နိုင် ကြမှ ပြည်သူများအားကိုးအားထားပြုရသော တရားစီရင်ရေးဖြစ်မှာသေချာကြောင်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ယခုအခါ နိုင်ငံတော်မှဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော တရားရုံးများ၌ ၄ နှစ်၊ ၅ နှစ်ကြာ  သည်အထိ မပြီးပြတ်နိုင်သေးသော ပြစ်မှုဆိုင်ရာအမှုများရှိနေကြောင်း ကြားသိနေရပါတယ်။ ဒီလို ကြန့်ကြာနေခြင်းဟာ တချို့သော တချို့သောဆိုရာဝယ် ရှေ့နေအားလုံးကိုဆိုလိုခြင်းမဟုတ်ပါဘူး။ ဆောင်ရွက်တဲ့ရှေ့နေများကိုဆိုလိုခြင်းဖြစ်ပါတယ်။ တချို့သောရှေ့နေများမှပညာပြနေခြင်း၊ အမှုပွဲစား များပါဝင်နေခြင်းတို့နှင့် တချို့တရားခံများသည် တရားရုံးအပေါ်အပြစ်ရှာပြီး လိမ်လည်ကျမ်းကျိန်ဆို ပြီး ရုံးပြောင်းရန်လျှောက်ထားခြင်းတို့သည်လည်း ကြန့်ကြာနေရသည်ကိုကြားသိနေရပါတယ်။ ထိုသို့ ကြန့်ကြာနေလျှင် ပြည်သူများအနေဖြင့် နစ်နာမှုများရှိသည့်အပြင် တရားစီရင်ရေးအပေါ် ယုံကြည်ရန် လည်းခက်ခဲပြီး အမှန်တရားနဲ့ပိုမိုဝေးကွာသွားနိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တရားရုံးအပေါ် မမှန်မကန်ကျမ်းကျိန်ဆိုပြီး အမှုကိုရုံးပြောင်းပေးရန်လျှောက်ထားခြင်းမျိုးရှိခဲ့လျှင် ထိုသူများကို ဥပဒေ နဲ့အညီ မည်ကဲ့သို့အရေးယူဆောင်ရွက်မည်နှင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ၃ နှစ်အထက် မပြီးပြတ်ဘဲကြန့်ကြာနေသော ပြစ်မှုဆိုင်ရာအမှုပေါင်းမည်မျှရှိသည်ကိုသိရှိလိုပါကြောင်း၊ ၃ နှစ် အထက်မပြီးပြတ်ဘဲ ကြန့်ကြာနေသော ပြစ်မှုဆိုင်ရာအမှုများအလျင်အမြန်ပြီးစီးစေရန် ဥပဒေနဲ့အညီ မည်ကဲ့သို့စီမံဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။