(ဆ)-ဓညဝတီခေတ် နန်းမြို့ရိုးတူးဖော်မှုနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

မေးခွန်း မမေးခင် မေးခွန်းနဲ့ပတ်သက်တဲ့ ရခိုင်တိုင်းရင်းသားများရဲ့ သမိုင်းအကျဉ်းချုပ်နဲ့ ဓညဝတီခေတ်အကြောင်းကို အနည်းငယ်အကျဉ်းချုပ်၍ တင်ပြခွင့်ပြုစေလိုပါတယ်။ ဒါမှလည်း မေးခွန်းရဲ့မေးရတဲ့ အကြောင်းရင်း အနက်အဓိပ္ပါယ် ပြည့်စုံမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကျော်လောက်က အိန္ဒိယနိုင်ငံမှာ မွန်ဂိုနဲ့အာရီယံမျိုးနွယ်တို့ဟာ အားပြိုင် နေရာယူပြီးတော့ ယဉ်ကျေးမှုထွန်းကားနေခဲ့ပါတယ်။ အဲဒီအချိန် ရခိုင်ပြည်မှာ မူရင်းတိုင်းရင်းသား များရှိနေသော်လည်း ယဉ်ကျေးမှုမထွန်းကားသေးဘဲ ကျောက်ခေတ်အဆင့်သာသာ ရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ လောက်က အိန္ဒိယမှ အာရီယံအနွယ်ဝင် အဇ္ဇုနဘုရင်ဟာ သားတော် ဓမ္မသေနကို နန်းအပ်ပြီးတော့ တရားအားထုတ်ဖို့ တောထဲကို နန်းစွန့်ပြီးတော့ ထွက်လာခဲ့ပါတယ်။ အဲဒီအခါမှာ ယခု ကစ္စပနဒီမြစ်(ခ)ရခိုင်အခေါ် ကုလားတန် မြစ်ဖျား ပလက်ဝမြို့နားမှာ ရောက်လာပြီး အရိပ်ကောင်းတဲ့ ညောင်ပင်အောက်မှာတရားထိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနားမှာ သက်လူမျိုးလို့ခေါ်တဲ့ ရခိုင်အုပ်စုတစ်စုရှိနေလို့ပါပဲ။ အဲဒီမှာ အစာရေစာလည်းရမယ်။ ရေလည်း ရမယ်။ အရိပ်အာဝါသလည်းရမှာ ဖြစ်ပါတယ်။ အဲဒီမှာ သက်လူမျိုးခေါင်းဆောင်ရဲ့သမီး ဣန္ဒာမာယု မင်းသမီးဟာ လူလတ်ပိုင်းအရွယ်ရှိရသေ့ကြီးကို အစာရေစာထောက်ပံ့ရင်းနဲ့ရသေ့ကြီးနဲ့ မေတ္တာမျှ သွားကြပါတယ်။ ရသေ့ကြီးလည်းလူဝတ်လဲပြီး လယ်သမားအဖြစ် လုပ်ကိုင်စားသောက်ရင်း သားငယ် တစ်ယောက်ထွန်းကားခဲ့ပါတယ်။ သူ့ကိုတော့ မာလာယုမင်းသားလို့ ခေါ်ကြပါတယ်။ မာလာယု မင်းသားဟာ သန်မာထွားကျိုင်းပြီး အဖေဘုရင်ဟောင်းသင်ပေးတဲ့ လေးအတတ်၊ မြှားအတတ်၊ အဋ္ဌာရသပညာကို သင်ကြားရင်းနဲ့ ကြီးပြင်းလာခဲ့ပါတယ်။ အဲဒီအချိန် မှာလူအများကို သတ်စားတဲ့ ဘီလူးအုပ်စုတစ်စုဟာ ဗြဟ္မဒီယာမြို့ကိုအုပ်ချုပ်တဲ့ ဘုရင်ကိုသတ်စား လိုက်ကြပါတယ်။ ရွာသားတွေ က ကြောက်လန့်ပြီးတော့ မာလာယုမင်းသားကို အကူအညီတောင်းကြပါတယ်။ မာလာယုမင်းသားဟာ တောထဲကို ထွက်သွားပြီးတော့ ဘီလူးကိုလိုက်ရှာပါတယ်။ တောထဲကထွက်လာတဲ့ ငစ္ဆဒါန်ဘီလူးကြီး က လူသားစားရပြီဆိုပြီးတော့ မာလာယုမင်းသားကို သစ်ကိုင်းနဲ့ရိုက်သတ်မယ်အလုပ်မှာ မာလာယု မင်းသားက လေးနဲ့ပစ်ပြီးတော့ ဘီလူးရန်ကို နှိမ်နင်းလိုက်ပါတယ်။ ဘီလူးကျဆုံးပြီးနောက် နေရာသစ် ရှာပြီးတော့ ပထမဓညဝတီခေတ်မင်းဆက်ကို စတင်ပြီးတော့ အုပ်ချုပ်ပါတယ်။ အဲဒီအချိန်ကစပြီးတော့ ရခိုင်အုပ်ချုပ်မှုယဉ်ကျေးမှုဟာ ရင့်ကျက်လာခဲ့ပါတယ်။ ဒါကြောင့် ရခိုင်အစမာလာယုမင်းကလို့ ဆိုကြပါတယ်။ ရခိုင်ကို ARAKASH လို့ခေါ်ကြပါတယ်။ အာရိယံအမျိုးအနွယ်ဖြစ်ပါတယ်။ ဗြိတိသျှ တို့က ARAKASH ကို ARAKAN လို့ရေးကြပါတယ်။ တစ်ဖန် ARAKASH ကနေပြီးတော့ RAKASH  ရခိုင်ဆိုပြီးတော့ ဖြစ်လာတယ်လို့ယူဆပါတယ်။ ဓညဝတီဆိုတဲ့စကားအဓိပ္ပာယ်ကလည်း ဆန်ရေစပါး ပေါများခြင်း၊ သီးနှံပေါများခြင်း၊ ပြည့်စုံခြင်းလို့အဓိပ္ပါယ်ရပါတယ်။ အဲဒီကအစ ပထမဓညဝတီခေတ် မင်းဆက်ဟာ မင်းဆက်ပေါင်း ၅၇ ဆက်၊ နှစ်ပေါင်း ၁၈၁၈နှစ် ထိကြာခဲ့ပါတယ်။ ဒါဟာ ပထမအကြိမ်၊ ဓညဝတီခေတ်အကြောင်းပါ။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယခေတ်မင်း၌ ဒုတိယ ဓညဝတီခေတ် မင်းငယ်ပျော်လှစည်သူဟာ အမတ်တွေပုန်ကန်လို့ ကွယ်လွန်သွားပါတယ်။ အမတ် တွေကလည်း အဆင့်ဆင့်ပုန်ကန်ရင်း သေဆုံးသွားပါတယ်။ ကျန်ရစ်တဲ့ မိဖုရားစောစစ်ဟာ သမီး နှစ်ယောက်နဲ့အတူ ကန်သုံးဆင့်မြို့လို့ခေါ်တဲ့ တစ်နေ့က ပလက်ဝမြို့နယ်ကိုယ်စားလှယ် ဦးပိုက်လင်း ၂၆ ရက်နေ့က တင်ပြခဲ့တဲ့ နီလာပန်းတောင်း၊ ကျောက်ပန်းတောင်းမြို့မှာ နေခဲ့ပါတယ်။ နောက်တော့ တကောင်းကလာတဲ့ စစ်ရှုံးပြီးတော့ထွက်လာတဲ့ ကံရာဇာကြီးမင်းသားကို နန်းအပ်ပြီးတော့ ဒုတိယ ဓညဝတီခေတ်ကို တည်ထောင်ခဲ့ကြပါတယ်။ ကံရာဇာကြီးမင်းကစ စန္ဒသူရိယမင်း၏ ခမည်းတော် သီရိရာဇာမင်းအထိ မင်းဆက်ပေါင်း ၂၈ ဆက်၊ နှစ်ပေါင်း ၉၂၉ နှစ်ထိ ကြာခဲ့ပါတယ်။ ဒါဟာ ဒုတိယ ဓညဝတီခေတ်အကြောင်းပါ။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တတိယဓညဝတီခေတ်ကိုတော့ သီရိရာဇာမင်း၏သားတော် စန္ဒသူရိယမင်း တည်ထောင်ခဲ့ပါတယ်။ စန္ဒသူရိယ ဆိုတာက လနဲ့နေလို့ အဓိပ္ပာယ်ရပါတယ်။ စန္ဒသူရိယမင်းဟာ အခု ဓညဝတီမြို့ပေါ်နေတဲ့ မဟာမြတ်မုနိရှိရာနေရာတစ်ဝိုက် မှာနန်းတော်တည်ခဲ့ပါတယ်။ ထို စန္ဒသူရိယမင်းဖိတ်ကြားချက်အရ သက္ကရာဇ် ၁၂၃ ခု၊ ဘီစီ ၅၅၄ ခုနှစ်မှာ မြတ်စွာဘုရားသက်တော် ၅၅ နှစ်၊ ဝါတော် ၂၀ ရချိန်မှာ မဇ္ဈိမဒေသမှရခိုင်သို့ ကြွလာခဲ့ပါတယ်။ ဘုရားရှင်နဲ့စန္ဒသူရိယမင်းဟာ ဘဝပေါင်းများစွာ တစ်ယောက်ကိုတစ်ယောက်လေးစားပြီး မိတ်ဆွေ ဖြစ်ခဲ့ကြတာလို့လည်း ဆိုပါတယ်။ ရဟန္တာ ၅၀၀ ဖြင့် ကောင်းကင်ပေါ်ကကြွလာပြီး ကျောက်တော်မြို့ အရှေ့ဘက် ကစ္စပနဒီမြစ်ကမ်းမှာရှိတဲ့ ကျောက်တော်တောင်မှာ ခဏနားပြီးတော့ ဓညဝတီမြို့ကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရခိုင်တိုင်းရင်းသားတို့ရဲ့ ဘာသာရဲ့ယဉ်ကျေးမှုဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ မဟာမြတ်မုနိရုပ်ပွားတော်ကိုလည်း မြတ်စွာဘုရား၏ခွင့်ပြုချက်ဖြင့် ထုလုပ်ခဲ့ ပါတယ်။  အဲဒီနေရာဟာ ယခုလက်ရှိမဟာမြတ်မုနိဘုရား တည်ရှိရာကုန်းတော်ဖြစ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဓညဝတီခေတ်ပြီးတော့ ရခိုင် ယဉ်ကျေးမှုထွန်းကားခဲ့ရာ ကုန်စည်ကူးသန်းအရှေ့တောင်အာရှတွင် ထင်ရှားခဲ့ရာဝေသာလီခေတ်ကို ရောက်ပါတယ်။ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးသွန်းလုပ်ပြီးတော့ နိုင်ငံရပ်ခြားများနဲ့ ကုန်သွယ်မှုပြုလုပ်ခဲ့ပါတယ်။ အဲဒီခေတ်မှာ ရခိုင်ပြည်ဟာ အင်္ဂလန်နိုင်ငံမှာ ထင်ရှားတဲ့ ကျူဒါမင်းဆက်၊ အိန္ဒိယမှာထင်ရှားတဲ့ မဂို မင်းဆက်၊ ထိုင်းနိုင်ငံမှာထင်ရှားတဲ့ အာယုဒယမင်းဆက်တို့နဲ့ ခေတ်ပြိုင်လို့ဆိုပါတယ်။ ထို့နောက် လေးမြို့ခေတ်၊ မြောက်ဦးခေတ် အဆက်ဆက်ကို တည်ထောင်ခဲ့ကြပါတယ်။ နောက်ဆုံး မြောက်ဦး ခေတ်ကို အုပ်ချုပ်သူကတော့ မြန်သတိုးအောင် (ခေါ်) မဟာသမ္မတရာဇာမင်း ဖြစ်ပါတယ်။ အဲဒီမင်း လက်ထက် မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်ခံပြီးတော့ ရခိုင်တိုင်းရင်းသားတို့ အကြီးအကျယ်အင်အားချိနဲ့ခဲ့ ကြပါတယ်။ ပြည်မအမရပူရစစ်တပ်က လာတိုက်တဲ့အခါမှာ အလွယ်တကူနိုင်သွားပါတယ်။ မဟာ သမ္မတရာဇာမင်းကို ၁၇၈၅ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖမ်းသွားကြပါတယ်။ ရခိုင်မင်းဆက်နိဂုံး ချုပ်သွားပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်တော့ အင်္ဂလိပ်ခေတ်၊ လွတ်လပ်ရေးခေတ်၊ဖဆပလခေတ်၊ နိုင်ငံရေးခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့တာ အခုအချိန်ထိ ဆိုတာကို ကိုယ်စားလှယ်တော်များအသိဖြစ်ပါတယ်။ အဲဒီလို နှစ်ပေါင်းများစွာက တည်ထောင်ခဲ့တဲ့ ဓညဝတီခေတ်မြို့ဟာ ယခုအချိန်မှာတော့ လက်ရှိဘုရားကုန်းတော်ကနေပြီး ကျန်အဆောက်အဦ တွေဟာမြေကြီးထဲမှာ နစ်မြုပ်ပျောက်ကွယ်နေတာကို ဝမ်းနည်းစွာတွေ့မြင်ခဲ့ရပါတယ်။ ရခိုင် တိုင်းရင်းသားများအတွက်သာမက ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ယဉ်ကျေးမှုတစ်ရပ်အနေနှင့် ရပ်တည်ခဲ့တဲ့ နေရာဟောင်းလည်းဖြစ်ပါတယ်။ အခု မြတ်စွာဘုရားရှင်တည်ရှိရာ ကုန်းတော်၏ တောင်ဘက်မှာ ကိုက် ၃၀၀ ခန့် ရှည်လျားတဲ့ မြို့ရိုးကြီးတစ်ခုပေါ်နေတာကို အခုထိတွေ့မြင်နေရဆဲရှိ ပါတယ်။ မတူးဖော်ဘဲထားရင် တိမ်ကောပျက်စီးသွားနိုင်ပါတယ်။ ဘုရင့်ခေတ်ကို တမ်းတလို့မဟုတ်ဘဲ ယဉ်ကျေးမှုတစ်ရပ်ကို ထိန်းသိမ်းတဲ့အနေနဲ့ အဲဒီမြို့ရိုးကိုတူးဖော်မယ်ဆိုရင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နဲ့ဆိုင်တဲ့ အဆောက်အဦများ၊ ပစ္စည်းများကို တွေ့မြင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ ရခိုင်မြို့တော်နဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ ဆရာဦးထွန်းရွှေခိုင်ရေးတဲ့ ရှေးဟောင်းရခိုင် မြို့တော်ကဆိုတဲ့ စာအုပ်မှာ လေ့လာနိုင်ကြပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သို့အတွက် ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့  နိုင်ငံတော်ယဉ်ကျေးမှုဌာနအနေဖြင့် ဓညဝတီခေတ်၊ နန်းမြို့ရိုးကိုတူးဖော်ပေးရန် အစီအစဉ်ရှိပါသလား။ ယခုအစီအစဉ်မရှိလျှင်လည်း နောင်တွင် ယဉ်ကျေးမှုထိန်းသိမ်းရေးကဏ္ဍတွင် မှတ်တမ်းတင်ထားရှိပါမည်လားဆိုသည်ကို မေးမြန်းပါသည်။