(ဇ)-အဆို၊ အက၊ အတီးအနုပညာနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

          မျက်မှောက်ကာလတွင် တိုးတက်ဖြစ်ပေါ်နေတဲ့ ခေတ်မီသတင်းနဲ့ ဆက်သွယ်ရေးနည်းပညာများကိုအသုံးပြုပြီး တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လျက် ရှိရာတိုင်းတစ်ပါးအတွေးအခေါ်များ၊ တိုင်းတစ်ပါးယဉ်ကျေးမှုများ သိမ်းသွင်းမှုများကို ကျွန်တော်တို့ မျိုးချစ်စိတ်ဓာတ်ဖြင့်လည်းကောင်း၊ ကျွန်တော်တို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ကိုယ်ခံအားဖြင့် လည်းကောင်း ကာကွယ်ကြရမှာဖြစ်ပါတယ်။

          ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ကြည့်လျှင် ခန့်ညားထည်ဝါမှု၊ လှပသိမ်မွေ့မှု၊ နိုင်ငံ့ဂုဏ်ရည်နဲ့ အမျိုးသားရေးစိတ်ဓာတ် ကြီးမားမှု စတဲ့ပုံရိပ်များထင်ဟပ်နေသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာမူ၊ မြန်မာ့ဟန်၊ မြန်မာဆန်သော အမျိုးသားရေးလက္ခဏာတို့ကို ထင်ရှားစွာတွေ့ရှိရမည်ဖြစ်ပါတယ်။ သို့ဖြစ်လေရာ တန်ဖိုးကြီးမားတဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများ ရေရှည်တည်တံ့ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် ကမ္ဘာ့ အလယ်တွင် ဂုဏ်သိက္ခာမြင့်မားထည်ဝါစွာ ရပ်တည်နိုင်ရေးအတွက် မြန်မာတို့၏ အနုပညာ အမွေအနှစ်များ မတိမ်ကောမပျောက်ပျက်စေရန် ထိန်းသိမ်းသွားကြရမှာ ဖြစ်ပါတယ်။ 

မြန်မာ့ရိုးရာအဆို၊ အက၊ အတီးများကို အခြေခံပညာကျောင်းများမှာ သင်ကြားပေးနေတာလည်း တွေ့ရှိရပါတယ်။ ဒါပေမယ်လို့ စာသင်ခန်းအကန့်အသတ်ကြောင့် အောင်မြင်မှုနည်းနေတာကိုလည်း တွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယဉ်ကျေးမှုတက္ကသိုလ်သို့ တက်ရောက်သင်ကြားရာမှာလည်း အခြေခံပညာအထက်တန်းအောင်မှ တက်ရောက်သင်ကြားနိုင်မည် ဖြစ်ပါတယ်။ ဒါ့ကြောင့် ယဉ်ကျေးမှုတက္ကသိုလ်သို့မရောက်ရှိမီ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပဝါသနာရှင်ကလေးများအတွက် ပန်တျာမူ ဒါမှမဟုတ် ကျွန်တော်တို့ တစ်နည်းအားဖြင့် နိုင်ငံတော်မူ အစရှိတဲ့ အဆို၊ အက၊ အတီးများကို ယခင် ပန်တျာ ကျောင်းများနည်းတူ အချိန်ပိုင်းညနေသင်တန်းများဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများကို ကျင်းပလာခဲ့တာ ၁၈ ကြိမ်ရှိခဲ့ပါပြီ။ အဲဒီ ၁၈ ကြိမ်မှာ ကျွန်တော်တို့နောက်ပိုင်း ၁၀ ကြိမ်နောက်ပိုင်းမှာ မြန်မာ့ဇာတ်သဘင်၊ မြန်မာ့ပြဇာတ်၊ နောက်တစ်ခါ မြန်မာ့ရိုးရာ စာဟော၊ စာပြောများကိုလည်း ထည့်သွင်းယှဉ်ပြိုင်တာကိုလည်းတွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာ့လူနေမှုစရိုက်နဲ့ သင့်တော်တဲ့ နောက်တစ်ခု ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း‌သော ကျေးလက်နေ ပြည်သူများ အင်မတန်မှနှစ်သက်ကြတဲ့ အငြိမ့်တို့၊ ဇာတ်တို့ဟာ ယခုအခါမှာ အကြောင်းအမျိုးမျိုး ကြောင့်အနည်းငယ်တိမ်ကောနေတာတွေ့ရပါတယ်။  ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများအနေနဲ့လည်း ယခု ထည့်သွင်းကျင်းပနေတာတွေ့ရပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်လာမယ့် ၁၉ ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများမှာ ဇာတ်သဘင်များယှဉ်ပြိုင်စေသကဲ့သို့ မျိုးဆက်သစ်  အငြိမ့်ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါတယ်။

          ၂၀၁၀ ခုနှစ်က ယဉ်ကျေးမှုကဇာတ်ဌာနခွဲမှ မြန်မာ့ဂန္တဝင်ဇာတ်ကြီးများ ဖြစ်ကြတဲ့ အလင်္ကာကျော်စွာရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓဝင်ဖွားတော်မူခန်း၊ မင်းသားကြီးရွှေကြီးညိုနဲ့ မင်းသမီးပဲခူးမြတို့ရဲ့ သဒ္ဓါသုမနဇာတ်တော်ကြီးများကို ရန်ကုန်နဲ့မန္တလေးမြို့များမှာရှိတဲ့ မြို့သူမြို့သား များကို ယဉ်ကျေးမှုပြဇာတ်ဌာနခွဲမှ ကပြဖျော‌်ဖြေရာ အလွန်နှစ်သက်ဝမ်းသာစွာ အားပေးကြသည်ကို တွေ့ရှိရပါတယ်။ ဒါကြောင့် ယင်းဂန္တဝင်ဇာတ်တော်များနည်းတူ  အခြားဂန္တဝင် ဇာတ်တော်များကို လည်းယဉ်ကျေးမှုပြဇာတ်ဌာနမှ ပြန်လည်ဖော်ထုတ်ကပြရန် အစီအစဉ် ရှိ၊ မရှိနဲ့ အဆင့်မီတဲ့ဇာတ်ရုံ များရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်မြို့တော်ကြီးများသို့ လှည့်လည်ဖျော်ဖြေရန် အစီအစဉ် ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။