(ဈ)-ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ဒီမေးခွန်းနဲ့ပတ်သက်လို့ အနည်းငယ် ကျွန်မဘဝနဲ့ယှဉ်ပြီး တင်ပြလိုပါတယ်။ ကျွန်မရဲ့ဖခင်ကြီးကတော့ ရုပ်ရှင်မင်းသားကြီးတစ်ဦးဖြစ်ပြီး မြန်မာ့အသံမှာဓာတ်ပြားရ အဆိုတော်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်မအနေနဲ့ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ဖခင်ကြီးရဲ့ရုပ်ရှင်ရိုက်ကွင်းအပေါ်မှာ ကြီးပြင်းလာခဲ့ရတဲ့အတွက် အနုပညာရှင် များစွာရဲ့ ရင်တွင်းဖြစ်ခံစားမှုများကို နားလည်မိခဲ့ပါတယ်။ ထို့အပြင် ကျွန်မရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ တာမွေမြို့နယ်ဟာလည်း အနုပညာရှင်များစွာ နေထိုင်တဲ့နေရာဖြစ်ပြီး ၎င်းတို့ဟာ ကျွန်မရဲ့ မဲဆန္ဒရှင်များလည်းဖြစ်ပါတယ်။ ၎င်းတို့ရဲ့ခံစားချက်များကို လွှတ်တော်ထဲအထိရောက်အောင် ကျွန်မကိုပို့ဆောင်ပေးခဲ့ပါတယ်ရှင်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ မြန်မာ့ရုပ်ရှင်၊ ဗွီဒီယို၊ အနုပညာရှင်များ၊ တေးသံရှင်များသည် နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှန်သမျှ လမ်းတံတားကြီး များဖွင့်ပွဲတွေ၊ နေ့ထူးနေ့မြတ်ကြီး တွေမှာဂုဏ်ပြုဇာတ်လမ်းများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် တဲ့ တေးသီချင်းများစွာတို့ကို အမျိုးသားရေးစိတ်ဓာတ်အပြည့်အဝနဲ့ အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။ အနုပညာရှင်လုပ်ငန်းများမှာလည်း ရုပ်ရှင်၊ ဗွီဒီယိုထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းများ၊ တေးသံသွင်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းရှင်များနဲ့ အနုပညာရှင်များဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆက်စပ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပါတယ်။ အနုပညာလုပ်ငန်းမှာ ရိုက်ကူး၊ ထုတ်လုပ်၊ တည်းဖြတ်၊ ကူးယူ၊ ဖြန့်ချိ၊ ငှားရမ်း၊ ပြသလုပ်ငန်းခွဲများမှာ လုပ်ငန်းရှင်အင်အား ၇၀၀၀၀ ခန့်ပါရှိပါတယ်။ အနုပညာရှင် များသည် သရုပ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဝတ္ထု၊ ဇာတ်ညွှန်း ပညာရှင်များနဲ့ ကင်မရာမင်းများ၊ စက်အဖွဲ့များ၊ တည်းဖြတ်အဖွဲ့များစသည်ဖြင့် အတတ်ပညာရှင်များ ကလည်း လူ ၁၀၀၀၀ ခန့် ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုကဲ့သို့ အနုပညာရှင်များ၊ အတတ်ပညာရှင်များကို မှီခိုစားသောက်နေထိုင်ကြတဲ့ ၎င်းတို့ရဲ့မိသားစုဝင်များကို  မြန်မာနိုင်ငံမှာ ခန့်မှန်းခြေစုစုပေါင်း ကြည့်မယ်ဆိုရင် လူဦးရေ ၄၀၀၀၀၀ ခန့်ရှိပါတယ်ရှင်။ ဒါ့ကြောင့် အနုပညာ လုပ်ငန်းကို မီးခိုးမထွက်သော စက်ရုံကြီးတစ်ခုလို့ တင်စားပြောဆိုလို့လည်းရနိုင်ပါတယ်ရှင်။ ဗွီဒီယို ကားတစ်ကားထုတ်လုပ်တဲ့နေရာမှာ ငွေကြေးများစွာရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်ရပါတယ်။ သက်ဆိုင်ရာ ဖြန့်ချိသူမှတစ်ဆင့် တစ်ပြည်လုံးသို့ ရုံကြည့်၊ အိမ်ကြည့်အဆင့်ဆင့်ကို ရောက်ရှိသွားပါတယ်။ တစ်ချိန်တည်းမှာပဲ မသမာသူ ဝိသမလောဘသားများက ခိုးကူးခွေများကို မြန်မာ့ဗွီဒီယိုကားများ တိုးတက်မှုနဲ့ အတူတစ်ပါတည်း လုပ်ကိုင်လာခဲ့ကြပါတယ်။ ယခုအခါ ခိုးကူးခွေထုတ်လုပ်သူများမှာ ငွေကြေးအရ အမြတ်အစွန်းများစွာရှိပြီး ဈေးကွက်မှာတရားမဝင်ပဲ အခိုင်အမာရပ်တည်နေကြပြီ ဖြစ်ပါတယ်။ ခိုးကူးခွေထုတ်လုပ်မှုလုပ်ငန်းမှာ အကျိုးအမြတ်များစွာရရှိပြီး တရားဝင် ငွေကြေး ရင်းနှီးမြှုပ်နှံခဲ့တဲ့သူတွေမှာ စိုက်ထုတ်အားထားတဲ့ အရင်းအနှီးတွေ ပြန်မရရှိတော့ဘဲနဲ့ အချို့မှာ မိမိတို့ရဲ့လုပ်ငန်းများကို ပိတ်သိမ်းသွားရသူများလည်း များစွာရှိနေပါတယ်ရှင်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ မြန်မာနိုင်ငံဗွီဒီယို အခြေခံအဖွဲ့ဗဟိုနဲ့ ခိုးကူးခွေကိစ္စများကို အရေးယူဆောင်ရွက်မှု များစွာရှိတာကိုလည်း ကျွန်မအနေနဲ့လေ့လာတွေ့ရှိရပါတယ်။ သို့သော်ငြားလည်း ဖမ်းဆီးတဲ့နေရာမှာ ခက်ခဲမှုများရှိပြီး ထိရောက်မှုနည်းပါးနေတယ်ဆိုတာ ထပ်မံတွေ့ရှိရပါတယ်။ ဒါ့ကြောင့် တာဝန်ရှိသော ဝန်ကြီးဌာနများမှ ဟန်ချက်ညီညီနဲ့ဆောင်ရွက်ပေးနိုင်ရန် အကြံပြုဆွေးနွေးမေးမြန်း တင်ပြရခြင်း ဖြစ်ပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်။ ခိုးကူးခွေများဆိုတာဖြစ်လာသဖြင့် အဓိကနစ်နာသူကတော့ နံပါတ်တစ် အနုပညာရှင်များဖြစ်ပါတယ်။ အနုပညာရှင်များ မြင့်မားသောသရုပ်ဆောင် ကျား/မ ဟာ မြန်မာနိုင်ငံ မှာ ၁၀ ဦးထက်မပိုနိုင်ပါဘူး။ ထိုအခါ ကျန်အနုပညာရှင်၊ အတတ်ပညာရှင်များနှင့်၎င်းတို့ကို မှီခို စားသောက်နေရတဲ့ မိသားစုဝင်များရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတို့ဟာ ခိုးကူးခွေများ ကြောင့်ထိခိုက်နစ်နာလာရပါတယ်။ နောက်တစ်ဦးကတော့ ဇာတ်ကားပိုင်ရှင်များနဲ့ ဖြန့်ချိသူများရဲ့ နစ်နာမှုများဖြစ်ပါတယ်။ နောက်ထပ် နစ်နာသူများကတော့ အပန်းဖြေကြည့်ရှုနေကြတဲ့ ကျွန်မတို့ရဲ့ ပြည်သူများပဲဖြစ်ပါတယ်ရှင်။ ထုတ်လုပ်သူများဟာ ခိုးကူးခွေများကြောင့် အမြတ်အစွန်းရသင့်           သလောက်မရရှိတဲ့အတွက် စရိတ်များလျှော့ချလာရတဲ့အတွက် အရည်အသွေးကျဆင်းလာတဲ့ ဇာတ်ကားများကိုပါ ပြည်သူက ကြည့်ရှုနေရပါတော့တယ်။ ဒါ့အပြင် နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရေးအတွက် နိုင်ငံတော်မှာနစ်နာရပြီး နောက်ဆုံးမှာတော့ အနုပညာရှင်သရုပ်ဆောင်များရဲ့ သရုပ်ဆောင်ခဈေးနှုန်းများဟာ တဖြည်းဖြည်း‌လျော့နည်းလာရခြင်းပဲ ဖြစ်ပါတယ်။ ခိုးကူးခွေများ နဲ့ပတ်သက်ပြီး တရားမဝင်ပြဋ္ဌာန်းချက်မှာ ဆင်ဆာမဲ့အခွေ ထုတ်လုပ်ဖြန့်ချိတဲ့နေရာမှာ ဒဏ်ငွေ တစ်သိန်း သို့မဟုတ် ထောင်ဒဏ်သုံးနှစ်ဟု ၁၉၉၆ ခုနှစ်၊ ဇူလိုင်လက မြန်မာ့ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ သို့သော်ငြားလည်း ယနေ့အချိန်မှာ ဗွီဒီယိုထုတ်လုပ်မှုစရိတ်မှာ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် အဆပေါင်းများစွာ မြင့်တက်နေတာဖြစ်ပါတယ်။ ထို့အပြင် ခိုးကူးသောဝိသမ လောဘသားတို့မှာ ဥပဒေအရဖမ်းဆီးခံရလျှင် ၎င်းတို့ရရှိတဲ့ အမြတ်အစွန်းများက များပြားလှပြီး ဒဏ်ငွေဆောင်ရတာက တစ်သိန်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဝမ်းမြောက်ဝမ်းသာနဲ့ပဲ အဲဒီ တစ်သိန်းကို ပေးဆောင်ကြပြီး အနုပညာရှင်များအပေါ်မှာ အညွန့်ခူးစားကြီးပွားလျက်ရှိတာကို တွေ့ရှိရပါတယ်။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်တဲ့ နေရာမှာလည်း အနုပညာရှင်များရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အခန်းကဏ္ဍများစွာ ပါဝင်ပါတယ်။ ၎င်းတို့ရဲ့စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း၊ မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတနိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန်အတွက် လည်းကောင်း ရည်စူးပြီး အခုလိုမေးခွန်းကို ကျွန်မအနေနဲ့ မေးမြန်းရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် တရားမဝင် ဗွီဒီယိုခွေများခိုးယူပြီး ဖြန့်ချိနေသူများအား တည်ဆဲဥပဒေနှင့်အရေးယူသည့်အခါတွင် တစ်ကြိမ်သာဒဏ်ငွေ တစ်သိန်းသတ်မှတ်ပြီး၊ နှစ်ကြိမ်အထက် အကြိမ်ကြိမ်ဖမ်းဆီးမိပါက ၎င်းအား ဒီထက်ပြင်းထန်သော ထောင်ဒဏ်၊ ငွေဒဏ်နှစ်ရပ်ဖြင့် မည်သို့ဆောင်ရွက်နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။