(ည)- ကျောက်စိမ်းကျောက်မျက်များကို ဥပဒေနှင့်အညီ ဈေးကွက်သတ်မှတ်၍ ရောင်းချခွင့်ပြုရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

         မြန်မာနိုင်ငံမှာထွက်ရှိတဲ့ ကျောက်စိမ်း အပါအဝင် ကျောက်မျက်ရတနာများကို ပြပွဲများကျင်းပ၍ ရောင်းချပေးခဲ့တဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ယခင်က နိုင်ငံခြားသားများကိုသာ နိုင်ငံခြားငွေနှင့် ရောင်းချပေးခဲ့ရာမှ    ၁၉၉၇ ခုနှစ်၊ ၃၄ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကစတင်ပြီး နိုင်ငံသားများကို ဝယ်ယူခွင့်ပြုခဲ့တဲ့ အတွက် ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာရောင်းချမှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ ဒါ့အပြင် ကျောက်မျက်ရတနာပြပွဲများကို ရန်ကုန်မြို့၊ အင်းယားကန်ဟိုတယ်၊ မြန်မာ့ကျောက်မျက်ရတနာခန်းမနဲ့ မြန်မာကွန်ဗင်းရှင်းစင်တာတို့၌ ခင်းကျင်းပြသရောင်းချခဲ့ရာ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး နေပြည်တော်မဏိရတနာ ကျောက်စိမ်းခန်းမ၌ ခင်းကျင်းပြသရောင်းချပေးခဲ့မှုကိုလည်း အထူးကျေနပ် အားရမိပါတယ်။ အလားတူ နိုင်ငံတော်ကကြီးမှူးကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲများရှိသကဲ့သို့ မန္တလေးမြို့၌လည်း မဟာအောင်‌ြမေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ရောင်း ချနေတာကို လေ့လာသိရှိရပါတယ်။ အဆိုပါ ကျောက်စိမ်းဟာ ကျွန်တော်တို့ ကချင်ပြည်နယ်မှ အဓိက ထွက်ရှိရာဒေသဖြစ်တဲ့အတွက် မိမိတို့ဒေသမှာလည်း ပြည်နယ်နှင့် ဒေသခံပြည်သူများအတွက်အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပွင့်လန်းလာစေဖို့ C class နဲ့ အောက်ကျောက်စိမ်း ကျောက်မျက်များကို မြစ်ကြီးနားမြို့တွင် ဥပဒေနဲ့အညီ ဈေးကွက်သတ်မှတ်၍ ရောင်းချခွင့်ပြုပေးနိုင် ခြင်း ရှိ၊ မရှိကိုသိလိုတဲ့အတွက် မေးမြန်းပါသည်။