(ဂ) ဆောက်လုပ်ရေးလုပ်ငန်းများကို ကုမ္ပဏီများဖြင့် ဆောင်ရွက်ခဲ့ပါက ဆောက်လုပ်စ ပညာရေး၊ ကျန်းမာရေးစသည့် ဝန်ကြီးဌာနအသီးသီး၏ အဆောက်အဦများအပေါ် သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများကို ကြီးကြပ်ရန် အချိန်မီညွှန်ကြားပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

 

ဆောက်လုပ်ရေးလုပ်ငန်းများကို ကုမ္ပဏီများဖြင့် ဆောင်ရွက်ခဲ့ပါက ဆောက်လက်စ ပညာရေး၊ ကျန်းမာရေးစသည့် ဝန်ကြီးဌာနအသီးသီး၏ အဆောက်အဦများအပေါ် သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများကို ကြီးကြပ်ရန် အချိန်မီညွှန်ကြားပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

မြောင်မြို့နယ်တစ်ခုတည်းအတွက် မဟုတ်သလို ဒီမှာကြွရောက်လာကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပတ်သက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲ့ဒီလိုပဲ ဒီမှာ ဥပမာပေးပြီးတော့ ပညာရေးနှင့် ကျန်းမာရေးဌာနများမှ ဆောက်လုပ်နေသော အဆောက်အဦများ ဆိုပြီးတော့ ပေးရတာရှိပါတယ်။ ဒါလည်း ကျွန်တော် ဒီဌာန ၂ ခုတည်းကို ရည်ရွယ်ခြင်းမဟုတ်ပါ။ နိုင်ငံတော်ျရဲ့ငွေ နိုင်ငံတော်က ခွင့်ပြုပေးတဲ့ ဘတ်ဂျက်နဲ့ ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းအားလုံးအတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်အတိုကောက် ရေးထားတာက ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းများမှ အပလို့ပါပါတယ်။ အဲဒီတော့ ကျန်တဲ့ဆောက်လုပ်နေတဲ့ လုပ်ငန်းတွေအားလုံး ရည်ရွယ်ပြီးတော့ ဒီမေးခွန်းကို မေးရတာဖြစ်ပါတယ်။

          နောက်တစ်ခါ ဒီမေးခွန်းမေးဖို့အတွက်လည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဘတ်ဂျက်အတွက် ပြီးခဲ့တဲ့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာဆိုရင် ၂၀၁၃-၂၀၁၄ ဘတ်ဂျက်အတွက် ရေးရာအလိုက် ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာဦးစီးဌာနတွေတွေ့ပြီးတော့ ဥပမာ ကျွန်တော်ဆိုရင် ဘဏ်များနှင့်ငွေကြေးဖွံ့ဖြိုးရေးကော်ျမတီက ကော်မတီဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ရေးရာ ကော်မတီဥက္ကဋ္ဌကဆိုရင် သက်ဆိုင်ရာဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဦးစီးဌာနတွေ၊ အဖွဲ့တွေကိုတွေ့ပြီးတော့ မင်းတို့ ဒါလေးတွေကိုတော့ ဒီနှစ် မသုံးလို့မဖြစ်ဘူးလား။ ဒီဟာ အရေးမကြီး သေးပါဘူး။ ဒါတော့လျှော့သုံးစသည်ဖြင့် အဲဒီလို စိစိစစ်စစ်ထိန်းထိန်းသိမ်းသိမ်း လုပ်နေတဲ့အချိန်မှာ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နယ်ကိုပြန်လိုက်တော့ တွေ့ရတာနဲ့ ကျွန်တော်ဒီမေးခွန်း မေးဖို့ပေါ်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ထိန်းထိန်းသိမ်းသိမ်းဌာနတွေ၊ ဝန်ကြီးတွေ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ ဒီဟာလေးကို မသုံးပါနဲ့ဦး။ ဒါဒီနှစ် နေလို့ရသေးတယ် မဟုတ်လား။ ဒီလမ်းက ခင်ဗျားတို့အခုလောလောဆယ် ကတ္တရာ မခင်းရင်ရပါသေးတယ်စသည်ဖြင့် နောက်တစ်ခါ ကျွန်တော်တို့ရေးရာနဲ့ပဲ အဓိကပတ်သက်ပါတယ်။ အခွန်ကိစ္စတွေ ပြည့်ပြည်‌့စုံစုံရအောင် ပြည့်ပြည့်ဝဝ ရအောင် ပြည်သူလည်းဝန်ထုပ်ဝန်ပိုးမဖြစ်အောင်စသည်ဖြင့် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် တွေက ဒီလောက်အလေးအနက်ထားနေတဲ့အချိန်မှာ အခု ကျွန်တော်တင်ပြမယ့်မေးခွန်းနဲ့ပတ်သက်တဲ့ အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းတွေ မြို့နယ်တွေ၊ ကျေးရွာတွေမှာ လုပ်ကိုင်နေတာအပေါ် အားမလိုအားမရ စိုးရိမ်စိတ်ဖြစ်တော့ ဒီမေးခွန်းကို မေးခြင်းဖြစ်ပါတယ်။

ကျွန်တော်မေးတဲ့ မေးခွန်းထဲမှာပါတဲ့ ဥပမာပေးတဲ့ ကျန်းမာရေးနှင့် ပညာရေးဌာန နှစ်ခုတည်း ကို ရည်ညွန်းခြင်းမဟုတ်ပါဘူးဆိုတာလည်း ပြောလိုပါတယ်။ ဒါကျွန်တော်ဘာလို့ပြောရသလဲဆိုတော့ ဒီမေးခွန်းမေးမယ်လုပ်တော့ တချို့ကမင်းဒီဟာကြီးသွားမမေးနဲ့။ နောက်တစ်ခါ မင်းမြို့နယ်ကိုဖွံ့ဖြိုး ရေးမချပေးဘဲနေလိမ့်မယ်လို့ပြောတဲ့သူတွေရှိပါတယ်။ ဒါကျွန်တော်တကယ် လိုအပ်လို့ ကျွန်တော်ဆီချ ပေးတဲ့ ပညာရေးဌာန၊ ကျန်းမာရေးဌာနတွေကို ဦးတည်ရည်ရွယ်ခြင်း လို့မဟုတ်ဘူးဆိုတာ ဥက္ကဋ္ဌကြီး မှတစ်ဆင့် တင်ပြခြင်းဖြစ်ပါတယ်။ အဲ့ဒီတော့ ဆောက်လုပ်တဲ့အခါမှာ ကျွန်တော် အထက်မှာတင်ပြ ထားသလို ငွေကုန်အကျိုးမရှိဖြစ်မှာစိုးပါတယ်။ ကုန်သင့်လို့ကုန်တာ အကျိုးရှိအောင် ဆောင်ရွက်တာ ဆိုရင် ကျွန်တော်တို့က အားလည်းအားပေးရမှာဖြစ်ပါတယ်။ အဲဒီတော့ ဥပမာတစ်ခု ကျွန်တော်တို့ မြို့နယ်ထဲမှာ လောလောဆယ်တော့ ပညာရေးဌာနကဆောက်နေပါတယ်။ ဆောက်နေတဲ့ကျောင်းကို သက်ဆိုင်ရာကျောင်းကိုသွားမေးတော့လည်း ကုမ္ပဏီကလာပြီးတော့ဆောက်တာပဲသိတယ်။ ကျွန်တော် တို့ကို ဘာမှမပြောဘူး။ အဲဒါဆို အဲဒီကဆောက်လုပ်ရေးမှာ ဦးစီးဦးဆောင်လုပ်နေတာ ဘယ်သူလဲဆိုပြီး တော့ ချာတိတ်လေးထားပါ ကျွန်တော်တို့ သားသမီးအရွယ်လောက် G.T.I ဆင်းလေး။ ကျွန်တော်က မြောင်ဆက်မို့လို့ ကျွန်တော်က ခိုင်းလိုက်တာ။ ကျွန်တော်တို့က ဒီက စာချုပ်တာလည်းမသိဘူး။ ဘယ်ပုံစံလည်းမသိဘူး။ မင်းဆီမှာ BQ ပါလား။ ကျွန်တော်တို့အရပ်အခေါ် Estimate ခေါ်မလား။ အဲဒါပါလား မေးတော့လည်း သူမသိဘူး။ မင်းဘယ်နေရာ ဘယ်လိုဆောက်ဘယ်လိုဆောက်လိုတဲ့ အချိန် ငါလာပြောမယ်။ သစ်လိုရင်လည်း မင်းကိုပို့ပေးလိုက်မယ်စသဖြင့်ဆိုတော့ ရောက်လာတဲ့သစ် တွေက အလိမ်အကောက်တွေ။ နောက်တစ်ခါ အသားမာလို့ပြောတဲ့ အသားမာအစစ်မဟုတ်တာ တွေပါတယ်။ ပါတော့ ကျွန်တော်က မြို့နယ်အုပ်ချုပ်ရေးမှူးကြီး ခင်ဗျား ဒီအတိုင်းကြီးကတော့ ဆောက် ပြီး မကြာခင်ကျောင်းတွေပျက်ကုန်တော့မယ်။ ပျက်လို့ပြိုကျရင် ကျွန်တော်တို့ကျောင်းသားတွေ ဒုက္ခ ရောက်လိမ့်မယ်။ အန္တရာယ်ဖြစ်လိမ့်မယ်။ အဲဒါကြောင့် ခင်ဗျား ကြီးကြပ်ပါဆို မြို့နယ်အုပ်ချုပ်ရေးမှူး ကလည်း ကျွန်တော့်လည်း မေးတယ်။ ကျွန်တော်လည်း ဘာမှမြို့နယ်ပညာရေးမှူးကလည်း မသိဘူး ပြောတယ်။ အဲဒီအနေအထားအထိ ရောက်လာတော့ ကျွန်တော် ဒီမေးခွန်းကို မေးဖြစ်တာဖြစ်ပါတယ်။ အဲဒီတော့ စောစောက ကျွန်တော်တို့ စကားခံထားသလို အခုလည်း ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ခံကဖြေမှာပါ။ အဲဒီတော့ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နောက်ဆောက်ကြဦး မှာပါ။ ကျွန်တော်တို့ ဒေသတွေအားလုံး သက်ဆိုင်ရာ ဒေသတွေက လိုအပ်နေတဲ့ အခြေခံ အဆောက်အဦတွေကို နိုင်ငံတော်က တတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ့်အနေအထားမှာ အကျိုး ရှိအောင် ဆောင်ရွက်ပေးဖို့ ရည်ရွယ်တင်ပြခြင်းဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်မေးတဲ့ မေးခွန်း ဇန်နဝါရီလ ၂၁ ရက် နောက်မှာ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့ ဖေဖော်ဝါရီ ၂၆ ရက်စွဲနဲ့ မြို့နယ် နှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းဆိုတဲ့ အမိန့်တစ်ခု ထွက်လာပါတယ်။ ဒါလည်း ကျွန်တော်တင်ပြတဲ့ လုပ်ငန်း တွေလည်း နှီးနွယ်ဆက်စပ်တဲ့ အလုပ်တွေဖြစ်ပါတယ်။ မြို့နယ်ကော်မတီ၊ အထောက်အကူပြု ကော်မတီ၊ ရပ်/ကျေးအထောက်အကူပြုကော်မတီတွေ ဖွဲ့ဖို့ထွက်လာပါတယ်။ အဲဒီတော့ ထွက်လာ တာတော့ ထွက်လာတာပဲ။ ဒါပေမယ့် အုပ်ချုပ်ရေးပိုင်းက ဘယ်လောက်လုပ်နေနေ တစ်နည်းပြောရင် ကျွန်တော်တို့ ပြည်ထောင်စုအဆင့်က ဘယ်လောက်လုပ်နေနေ အထူးသဖြင့်တော့ပေါ့လေ။ ကျွန်တော် တို့ မြို့နယ်၊ ခရိုင်တို့အဆင့်မှာလုပ်ရတဲ့ သက်ဆိုင်ရာဌာနတွေက ထိထိရောက်ရောက်လုပ်နိုင်အောင် ကျွန်တော် ဒီမေးခွန်းကိုမေးတာဖြစ်ပါတယ်။ ကျွန်တော်မေးတဲ့ မေးခွန်းက (က) ဝန်ကြီးဌာနအသီးသီး က ခွင့်ပြုဆောင်ရွက်တဲ့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမဟုတ်သော ဆောက်လုပ်ရေးလုပ်ငန်းများ ကို ကုမ္ပဏီအဖြစ် ဆောင်ရွက်ခဲ့ပါက ဒေသခံကြီးကြပ်ရေးအဖွဲ့များ၊ အကျိုးဆောင်အဖွဲ့များ၊ ကျွမ်းကျင်သူများပါ တာဝန်ပေး၍ဆောင်ရွက်နိုင်ရန် အချိန်မီ ထိန်းသိမ်းတည့်မတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ (ခ) လက်ရှိ ဆောက်လက်စပညာရေး၊ ကျန်းမာရေးစတဲ့ ဝန်ကြီးဌာနအသီးသီးရဲ့ အဆောက်အဦ များအပေါ် သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများကို ကြီးကြပ်ကွပ်ကဲနိုင်စေရန်အတွက် အချိန်မီ ညွှန်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ စီမံသတ်မှတ် ညွှန်ကြားဆောင်ရွက်မှုကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။