(ဃ)-လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုနေသော ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများအား မည်ကဲ့သို့ အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-23

လုပ်ပိုင်ခွင့် အာဏာကိုအသုံးပြု၍ ငွေကြေးများအလွဲသုံးစားပြုလုပ်ခြင်း၊ လယ်မြေများကို လယ်တောင်သူမသိဘဲ ရောင်းချခြင်း၊ အများပိုင်အဆောက်အဦများကို မိမိသဘောဖြင့် ရောင်းချခြင်းပြုလုပ်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းများအား မည်ကဲ့သို့ အရေးယူပေးရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါတယ် ရှင်။ ကျိုးကြောင်းဖော်ပြချက်အနေနဲ့ လုပ်ပိုင်ခွင့်အာဏာကိုအသုံးချပြီး လူထုအပေါ် တွင် ငွေကြေးအလွဲသုံးစားပြုလုပ်ခြင်း၊ ဥပမာ စာသင်ကျောင်းဆောက်လုပ်ခြင်း၊ လမ်းပြုပြင်ခြင်း၊ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဆောင်ရွက်ခြင်း၊ ဆေးပေးခန်းဆောက်လုပ်ခြင်းစသည့် ကောက်ခံရရှိ သည့်ငွေကြေးများကို ငွေစာရင်းရှင်းတမ်းများပြုလုပ်နိုင်ခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူး၏ သဘောဖြင့် သုံးစွဲခဲ့ပါသည်။ ထို့အပြင် မသိနားမလည်သော တောင်သူလယ်သမားများအပေါ် အခွင့်ကောင်းယူ၍ လယ်မြေကို ခြံမြေအဖြစ် အခြားသူများကိုရောင်းချခြင်း၊ ကျေးရွာပိုင်သင်္ချိုင်းများကို ရွာလူထုမသိ အောင် ရောင်းချခြင်း၊ သမဝါယမပိုင်မြေနေရာများကို မိမိသဘောဖြင့်ရောင်းချခြင်း၊ ကျေးရွာလမ်း များကို မိမိသဘောဖြင့် အကွက်ချရောင်းချစီမံခြင်း ပြုလုပ်လျက်ရှိပါသည်။ ကျေးရွာသူရွာသားများမှ ငွေစာရင်းရှင်းတမ်းတောင်းခံသောအခါ ငွေစာရင်းမရှင်းနိုင်ဘဲ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး သို့ တိုင်ကြားသည့်အခါမှာလည်းပဲ မြို့နယ်မှခရိုင်သို့လည်းကောင်း၊ ခရိုင်မှမြို့နယ်သို့လည်းကောင်း စစ်‌ဆေးရေးပြုလုပ်နေရင်းနဲ့ အချိန်ကြန့်ကြာလျက်ရှိပါသည်။ သို့သော် မည်သူ့ကိုမျှ အရေးယူ ဆောင်ရွက်ပေးခြင်းမရှိပါ။ သို့ဖြစ်ပါ၍ ငွေအလွဲသုံးစားပြုလုပ်ပြီး အကျင့်ပျက်သိက္ခာမဲ့စွာ ပြုလုပ် နေသော အုပ်ချုပ်ရေးမှူးဟောင်းများအား မည်ကဲ့သို့အရေးယူဆောင်ရွက်ခွင့်ရှိသည် မည်သည့်ဌာန သို့ တိုင်ကြားခွင့်ရှိသည်ကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။