(င)-မြို့နယ်ရဲတပ်ဖွဲ့စခန်း များတွင် သက်ဆိုင်ရာမြို့နယ်အတွင်း ရဲသတင်းပေး (Informer) များ ထားရှိပြီး ဆောင်ရွက်လျက်ရှိသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-23

မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း များမှာ သက်ဆိုင်ရာမြို့နယ်အတွင်း ရဲသတင်းပေးလို့ခေါ်သော Informer များထားရှိ ဆောင်ရွက်မှု အခြေအနေကို မေးမြန်းမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။ ဒီမေးခွန်းဖြစ်ပေါ် လာရတဲ့အခြေခံအချက်တချို့ကို ကျွန်မအားတင်ပြခွင့်ပြုပါ။ ၂၈-၁၁-၂၀၁၂ ရက်နေ့ က ကျွန်မတို့ တာမွေမြို့နယ်အတွင်းမှာ ဖုန်းပျောက်တဲ့အမှုတစ်ခုဖြစ်ပွားခဲ့ပြီး မသင်္ကာသူ ကလေးငယ်တစ်ဦးကို တာမွေမြို့နယ်ရဲစခန်းက နယ်ထိန်းနှင့်အဖွဲ့က ၂၈-၁၁-၂၀၁၂ ရက်နေ့ ညနေဆောင်းမှာ လက်ထိပ်ခတ် ပြီးခေါ်ဆောင်သွားခဲ့ပါတယ်။ ခေါ်ဆောင်သွားပြီး ရဲစခန်းအတွင်းမှာရှိတဲ့ အခန်းတစ်ခုမှာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ အဲဒီကလေးက မခံမရပ်နိုင်လွန်းလို့ တယ်လီဖုန်းကိုခိုးတယ်လို့ ဝန်ခံလိုက်ပါတယ် ရှင်။ အဲဒီအတွက် သက်သေခံပစ္စည်းဘယ်မှာလဲလို့ နယ်ထိန်းနှင့်အဖွဲ့က မေးတဲ့အခါမှာ ၎င်းအလုပ် လုပ်တဲ့ ဘောဂထွန်းလက်ဖက်ရည်ဆိုင်ရဲ့နောက်ဖေးမှာသိမ်းထားပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါ့ကြောင့် နယ်ထိန်းနှင့်အဖွဲ့က သက်သေခံပစ္စည်းကိုရရှိဖို့အတွက် အဲဒီကလေးကို ဆိုင်ကယ် ၄ စီးနှင့်အတူ ရဲများ ယူနီဖောင်းဝတ် ၄ ဦး၊ မာဖီနှင့် ၄ ဦးခန့် စုစုပေါင်း ၈ ဦး သို့မဟုတ် ၉ ဦးခန့်ဟာ ဘောဂထွန်း လက်ဖက်ရည်ဆိုင်ထဲကို ကလေးကိုလက်ထိပ်ခတ်ပြီး ပြန်ခေါ်ခဲ့ပါတယ်။ ကလေးရဲ့ အစ်ကိုအရင်းက အဲဒီဆိုင်ထဲမှာ အလုပ်သမားအဖျော်ဆရာတစ်ဦးပါ။ အဲဒီညီအစ်ကို ၂ ယောက်က ဧရာဝတီတိုင်း ဖျာပုံဒေသကနေ မိမရှိ ဖမရှိ တက်လာပြီး တာမွေမြို့နယ် ဘောဂထွန်းလက်ဖက်ရည်ဆိုင်မှာ အလုပ် လုပ်လျက်ရှိပါတယ်။ သူ့ရဲ့အကြံဉာဏ်ကတော့ နှိပ်စက်တာမခံနိုင်တာက ကတစ်ကြောင်း အစ်ကိုကြီး ရှိရာ ဒီလက်ဖက်ရည်ဆိုင်ထဲကိုပြန်ဝင်ခဲ့မယ်ဆိုရင် ကူညီလိုကူညီငြားနဲ့ မခိုးဘဲနဲ့ခိုးတယ်လို့ ပြောခဲ့ တယ်လို့ပြောပါတယ်။ သူ့ကိုရဲများက လက်ဖက်ရည်ဆိုင်ထဲကို ပြန်ခေါ်သွားတဲ့အခါမှာ ပြစရာဖုန်း လည်းမရှိတာကြောင့် နောက်ထပ်တစ်ခါ အဖမ်းခံရရင် နှိပ်စက်ခံရဦးမှာ စိုးတဲ့အတွက်ကြောင့်မို့လို့ သူ့ရဲ့အခန်းထဲကိုအဝင် ၎င်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသော သစ်သီးဖျော်သမားလေးဖြစ်ပါတယ်။ အဲဒီသစ်သီးဖျော်ခုံမှာရှိသော သစ်သီးလှီးတဲ့ဓားနဲ့ သူ့ရဲ့ ဘဝကို အဆုံးစီရင်ဖို့ မိမိဗိုက်ထဲကို အဆုံး စီရင်ခဲ့တဲ့အမှုပါရှင်။ ဒါပေမယ့် ပါလာတဲ့နယ်ထိန်း In Check  က ဒီဓားနဲ့ ထိုးပြီး ကိုယ့်ကိုယ်ကို လုပ်ကြံတဲ့အမှုကို ကမန်းကတန်းထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ဒေါသ အလျောက်အရ In Check နယ်ထိန်းက ကလေးကို ၎င်းထိန်းသိမ်းလိုက်တဲ့ ဓားနဲ့ ပြန်လည်ထိုးဖို့ ရွယ်ခဲ့ပါတယ်။ ထို့အပြင် စိတ်ဆိုးမာန်ဆိုးနဲ့ ခါးထဲမှာပါတဲ့သေနတ်နဲ့လည်းပစ်ဖို့ ကြံရွယ်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ လူစည်ကားတဲ့အချိန်ဖြစ်ပြီး ယုဇနပလာဇာဘေးက ဆိုင်တစ်ဆိုင်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ တက္ကစီဂိတ်တွေရော၊ ထမင်းကြော်ဆိုင်တွေရော၊ စားသောက်ဆိုင်တွေရော အများကြီးနဲ့ လူများစွာစည်ကားနေတဲ့အချိန်ဖြစ်ပါတယ်ရှင်။ ကလေးက ကြောက်လန့်တကြားအော်ဟစ်ပြီး ငိုယိုနေ တဲ့အချိန် အဲဒီလိုဆောင်ရွက်နေတဲ့ ရဲဝန်ထမ်းများအားလုံးနဲ့ အတူပါလာသော Informer များက ကလေးကို ကတ္တရာလမ်းမပေါ်ဆွဲချပြီး လူမြင်ကွင်းကြီးမှာ ရိုက်နှက်ကန်ကြောက်မှုများ ပြုလုပ်ခဲ့ တယ်လို့ ကျွန်မသိရှိရပါတယ်။ ဖြစ်စဉ်ရဲ့အကျယ်ချုပ်ကို ကျွန်မကို ရပ်ကွက်မှာရှိသော ရပ်မိရပ်ဖများ နဲ့အတူ ၎င်းရဲ့ အပေါ်ထပ်မှာနေထိုင်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကပါ ကျွန်မတို့နှင့်အတူ လာရောက်ညှိနှိုင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မ ဆက်လက်ပြီးတော့ စုံစမ်းတဲ့အခါမှာ အဲဒီကလေးကို ရဲများက တက္ကစီနှင့်အတူ ရဲစခန်းကို ပြန်ခေါ်ဖို့ အကူအညီတောင်းသော်လည်း တက္ကစီသမားများက အမြင်မတော်တဲ့အတွက်ကြောင့်မို့လို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းမရှိသည့်အတွက် ဆိုင်ကယ်များနှင့်အတူ စခန်းကို ပြန်ပြီးခေါ်သွားပါတယ်။ ဆိုင်ထဲ ကိုဝင်လာတဲ့အချိန်မှာ ညနေ ရး၀၀ နာရီခန့်ဖြစ်ပြီး ကလေးကိုနှိပ်စက်ပြီး ပြန်ခေါ်လာတဲ့အချိန်မှာ     ည ၁၁း၀၀ ထိုးပြီးလောက်ဖြစ်သွားပါပြီ။ ည ၁၂း၀၀ နာရီထိုးကစပြီး အဲဒီကလေးကို ရဲစခန်းဝင်းထဲမှာ ရှိသောအခန်းတစ်ခန်းထဲမှာ မနက် ၄း၀၀ နာရီထိုးတဲ့အထိ ကိုယ်လုံးတီးချွတ်ပြီး မျက်နှာကို ကြွပ်ကြွပ်အိတ် အမည်းစွပ်ပြီး နှိပ်စက်ခဲ့ကြပါတယ်။ ဒါကိုလည်း နှိပ်စက်တာကို မြင်ခဲ့တဲ့ သက်သေခံ အမှားမှာ လက်မှတ်ထိုးထားတဲ့ Informer လို့ခေါ်တဲ့ ရာအိမ်မှူးတစ်ဦးရဲ့ ထွက်ဆိုချက်နှင့်အတူ ကျွန်မသိရှိခဲ့ရ ခြင်းဖြစ်ပါတယ်။ လူတစ်ယောက် အသက်ရှူတဲ့အချိန် ၃ ချက်ရှူတဲ့အချိန်မှာ အဲဒီကလေးကို နယ်ထိန်း In Check က ထိုင်ကြည့်နေပြီး ကြွပ်ကြွပ်အိတ်ခေါင်းစွပ်ပြီး နောက်ထပ် အရစ်တစ်ရစ်နှင့် တပ်သားတစ်ဦးက ပွေ့ထားရပါတယ်။ လူတစ်ယောက် အသက် ၃ ချက်ရှူတဲ့အချိန် မှာ အဲဒီကလေးက အသက် ၁ ချက်ပဲရှူပါတော့တယ်။ အဲဒီ Informer က ကလေးအခြေအနေ မကောင်းဘူး။ ကြည့်လည်းလုပ်ပါဦး ဆရာရယ်လို့ပြောတဲ့ အချိန်မှာ အဲဒီ Informer ကပဲ ရဲကို နှာခေါင်းလေးကိုတော့ ဖောက်ပြီး အသက်ရှူခွင့်ပေးလိုက်ပါကွာလို့ပြောတာကို အဲဒီရဲက နှာခေါင်း ဖောက်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ ကလေးဟာ အသက်ရှင်ခွင့်ရရှိခဲ့တာပါ။ ဒါကို နယ်ထိန်း In Check က စိတ်ဆိုးခဲ့တယ်လို့လည်း ကျွန်မတို့သိရှိခဲ့ရပါတယ်။

ကျွန်မ ဒီအမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို ချက်ချင်းတင်တဲ့အခါမှာ ဝန်ကြီးချုပ်ရဲ့ ကူညီပံ့ပိုးမှုနဲ့ နာရီပိုင်းအတွင်းမှာပဲ ရန်ကုန် တိုင်းဒေသကြီး ရဲမှူးကြီးဝင်းနိုင်ခေါင်းဆောင်တဲ့အဖွဲ့က စီစဉ်ဆောင်ရွက်ပေးခဲ့လို့ ကျေးဇူးတင်ပါ တယ်။ တစ်ခုတော့ရှိပါတယ်ရှင်။ အဲဒီကလေးကို ဖမ်းတာက ၂၈-၁၁-၂၀၁၂ မှာဖမ်းတာပါ။ တစ်ညလုံး နှိပ်စက်ခဲ့ပြီး ၂၉ ရက်နေ့ မနက် ၁၁း၀၀ နာရီထိုးမှာ ရဲများက တရားရုံးစွဲတင်ခဲ့ပါတယ်။ တရားသူကြီး ကိုအမှုဖွင့်တဲ့အခါမှာ ဒီကလေးကို ၁၉ နှစ်နဲ့ အများသူငှာသွားလာနေသော လမ်းမမှာ မူးယစ်ရမ်းကား ပြီး ဓားတစ်လက်ကိုင်ပြီး ဆောင်ရွက်နေတယ်လို့ အမှုဖွင့်ခဲ့ခြင်း ပုဒ်မ ၁၉(င)နဲ့ အမှုဖွင့်ခဲ့ခြင်း ဖြစ်ပါ တယ်ရှင်။ သို့သော်လည်း ကလေးကိုဖမ်းဆီးတဲ့အချိန်မှာ ရဲခေါင်းဆောင်များ၊ နယ်ထိန်းခေါင်းဆောင် များက ကလေးရဲ့မှတ်ပုံတင်ကိုတစ်ခါတည်း ယူဆောင်သွားခဲ့ပါတယ်။ မှတ်ပုံတင်ထဲမှာ ၁၅ နှစ် ၂ လ ပဲရှိသေးတာကို သိသိကြီးနဲ့ ၁၉ နှစ်နဲ့ တရားစွဲခဲ့ပါတယ်။ ထို့အပြင် ကလေးဟာ ကြောက်လွန်းလို့ သူ့ရဲ့ဆိုင်အတွင်းမှာ ကိုယ့်ကိုယ်ကို ဓားနဲ့ထိုးလိုက်တဲ့အမှုကို အများသူငှာသွားလာနေတဲ့ လမ်းမပေါ် မှာ မူးယစ်ရမ်းကားပြီး ဓားတစ်လက်နဲ့ ရမ်းကားနေတယ်ဆိုတဲ့အမှု ပုဒ်မ ၁၉ (င)နဲ့ဖြစ်အောင် တရားစွဲ တင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ မြို့နယ်တရားသူကြီးကလည်း ၁၉ နှစ်လည်းဖြစ်တယ်။ အများသူငှာ သွား လာနေတဲ့လမ်းမပေါ်မှာ ပုဒ်မ ၁၉(င)နဲ့ အမှုဖွင့်တဲ့အတွက်ကြောင့်မို့လို့ သက်သေများကလည်း သက်သေခံချက်သေသေချာချာ ထွက်ဆိုသွားတဲ့အတွက်ကြောင့်မို့လို့ တရားသူကြီးက အင်းစိန်ထောင် ကို ပို့စေလို့အမိန့်ချမှတ်ခဲ့ပါတယ်။ သို့သော်လည်းပဲ ပြည်သူကိုကူညီပါရစေလို့ပြောထားတဲ့ ပြည်သူ့ ရဲများက တရားသူကြီးချမှတ်ထားတဲ့ဥပဒေကို လွန်ဆန်ပြီး ဒီက‌လေးကို အင်းစိန်မပို့ဘဲနဲ့ တာမွေ ရဲစခန်းကို ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီ ၂၉ ရက်နေ့ညကတည်းက ၇ ရက်နေ့ညအထိ    ၁၀ ရက်တိတိ တာမွေရဲစခန်းထဲမှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ကျွန်မအဲ့ဒီသတင်းကို ပြည်သူများနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ရဲ့ အကူအညီနဲ့ ၃ ရက်နေ့မှာရဲစခန်းထဲမှာ ရောက်ရှိခဲ့ပါ တယ်။ သို့သော်လည်း မြို့နယ်မှူး၊ ဒုတိယမြို့နယ်မှူးနှင့်အတူ စခန်းမှူးအပါအဝင် ရဲအချို့က မမှန်မကန် လိမ်လည်ပြောဆိုခဲ့ပါတယ်။ ဒီကလေးဟာ စခန်းထဲမှာမရှိတော့ပါဘူး။ အင်းစိန်ထောင်ကို ပို့လိုက်ပါပြီလို့ ကျွန်မကိုပြောခဲ့ပါတယ်။ ကျွန်မလွန်စွာစိုးရိမ်မိပါတယ်။ သူ့ရဲ့အစ်ကိုနှင့် ဆိုင်မန်နေဂျာ၊ ဆိုင်ရှင်များ ပြည်သူများနှင့် ကျွန်မရဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးကို လာရောက်အကူအညီ တောင်းခံမှုအရ ဒီကလေးဟာ ကိုယ်တုံးလုံးချွတ်ပြီးတော့ ဝတ်လစ်စလစ်နဲ့ နှိပ်စက်ခံရတယ်။ မျက်နှာကိုလည်း ကြွပ်ကြွပ်အိတ်အမည်းစွပ်ပြီး ၂ ကြိမ်တိတိ နှိပ်စက်ခံရတဲ့အနေအထားမှာ ကလေးကို ကျွန်မ စိုးရိမ်မိခဲ့ပါတယ်။ သို့သော်လည်း ကျွန်မကို မရှိဘူးလို့ ပြောလိုက်တဲ့အတွက်ကြောင့် ဇဝေဇဝါနှင့် စောင့်မျှော်မိခဲ့ပါတယ်။ သို့သော်လည်း သူ့ရဲ့အစ်ကိုက နေ့စဉ်နေ့တိုင်း ကလေးကို ထမင်းသွားပို့ခဲ့ပါတယ်။ အင်္ကျီများလည်းလဲလှယ် ပေးခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကလေးဟာ တာမွေအကျဉ်းစခန်းထဲမှာ ရှိနေတယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ ၇ ရက်နေ့ မနက်ပိုင်း ၁၀း၀၀ နာရီမှာ သူတို့ရုံးထုတ်ပါတယ်။ ကျွန်မ တာမွေစခန်းရုံးကို လိုက်သွားပြီးတော့ တာမွေမြို့နယ် တရားသူကြီး ရုံးခန်းထဲသွားပြီးတော့ ကလေးကို မှတ်ပုံတင်လေးပြပြီး တရားသူကြီးကို ပြမိတဲ့အခါ တရားသူကြီးက ချက်ချင်းကူညီပေးပါတယ်ရှင်။ သူဟာ ၁၉ နှစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခု အမှုဆွဲတင်တော့မှာကို ကံကောင်းစွာပဲ မှတ်ပုံတင်ပြတော့ ၁၅ နှစ် ၂ လဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကလေးကို အာမခံပေးခဲ့ ပါတယ်။

ကျွန်မအနေနဲ့ ဒီဖြစ်မှုမှာပါဝင်တဲ့ နယ်ထိန်း In Check အပါအဝင် ရဲ ၇ ဦး၊ အဲ့ဒီအပြင် သက်သေကို မမှန်မကန်လက်မှတ်ထိုးပြီး ပါဝင်ဆောင်ရွက်တဲ့ Informer ဟုခေါ်သော ရာအိမ်မှူး ၂ ဦးကိုလည်း ကျွန်မ အရေးယူပေးဖို့တင်ထားပါတယ်။ ဆိုလို သည်ကတော့ ကျွန်မသည် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သလို တရားဥပဒေ စိုးမိုးရေးကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ မိမရှိ၊ ဖမရှိ ဆင်းရဲပင်ပန်းကြီးစွာနဲ့ လုပ်ကိုင် စားသောက်နေတဲ့ ကလေးငယ်များ၊ မမှန်မကန်တရား ဥပဒေဘက်တော်သားရဲ့ စီရင်ဆုံးဖြတ်မှုအောက်မှာ မှားယွင်းစွာခံရတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မဝန်ကြီးချုပ် ကို ချက်ချင်းတင်ပြတာ ဝန်ကြီးချုပ်က ကူညီပေးခဲ့ပါတယ်။ ကလေးလည်း လွတ်မြောက်ခဲ့ပြီး အမှုလည်းပိတ်သိမ်းခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမေးခွန်းကို ကျွန်မမေးချင်တာကတော့ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးရှင်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့စခန်းများသည် သက်ဆိုင်ရာ မြို့နယ် အတွင်း၌ ရဲသတင်းပေး (Informer) များ ထားရှိလျက် ဆောင်ရွက်လျက်ရှိကြောင်း ကျွန်မကိုယ်တွေ့ သိရှိခဲ့ရပါတယ်။ အဆိုပါ ရဲသတင်းပေးများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ တရားဝင် အသိအမှတ်ပြု ခန့်အပ်ဆောင်ရွက်ပါသလား သို့မဟုတ် အရန်ရဲတပ်ဖွဲ့ဝင်အနေနဲ့ရော ခန့်အပ်ဆောင်ရွက်ပါသလား။ ကျွန်မ ဒါကိုသိရှိလိုပါတယ်။ အကယ်၍များ အဆိုပါနည်းလမ်းတစ်ခုခုနှင့် ဆောင်ရွက်ရာတွင် လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုနှင့် ဆောင်ရွက်ရာတွင်လည်းကောင်း ရဲသတင်းပေး (Informer) များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းဥပဒေများကို လိုက်နာရန် တာဝန် ရှိပါသလားရှင်။ ဒါဆိုရင် မည်ကဲ့သို့ ထိန်းချုပ်ကွပ်ကဲဆောင်ရွက်ပါသနည်း။ အဆိုပါရဲသတင်းပေးများသည် သက်ဆိုင်ရာ မြို့နယ်များတွင် သက်ဆိုင်ရာရဲစခန်းများတွင် လည်းကောင်း ဥပဒေနှင့်မညီညွတ်တဲ့ကိစ္စများကို စွက်ဖက်ဆောင်ရွက်လျက်ရှိကြောင်းကို သိရှိပါ သလား။ အဆိုပါဥပဒေနှင့်မညီညွတ်သောကိစ္စများကို ဆောင်ရွက်နေသောကြောင့် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းပြီး ညှိုးနွမ်းနေရသည်ကို သိရှိပါသလားရှင်။ အကယ်၍ Informer များအား တရားဝင်ခန့်အပ်ထားခြင်းမရှိပါက ပြည်သူများအပေါ်ရဲများ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းအား မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့်အညီ ပြစ်ဒဏ်မည်သို့ရှိသည်ကို သိရှိလိုပါတယ်ရှင်။ ထို့အပြင် ရဲများ ရဲ့တရားလိုပြသက်သေများအဖြစ် အမှုဆွဲတင်တဲ့နေရာမှာ Informer များက အခင်းဖြစ်ပွားစဉ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖုန်းဆက်ခေါ်ရင် သက်သေအဖြစ် ဝင်ရောက်လက်မှတ်ထိုးရတယ်လို့ ကျွန်မကိုပြောပါတယ်။ အဲဒီလို ရဲများရဲ့ မှားယွင်းစွာအမှုဖွင့်တရားစွဲဆိုတဲ့နေရာမှာ Informer များက မှားမှန်းသိလျက်သားနဲ့ သက်သေအမှားလက်မှတ်ထိုးမှုများအပေါ် ရဲများအား ရဲဝန်ထမ်းဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသော်လည်း မည်ကဲ့သို့အရေးယူထားသည်ကို ကျွန်မ သိရှိလိုပါ တယ်။ ထို့အတူ သက်သေအမှားလိုက်သူ Informer များအားလည်း မည်ကဲ့သို့သော ဥပဒေနဲ့ အရေးယူဆောင်ရွက်မည်ကိုလည်း သိရှိလိုပါတယ်ရှင်။

          ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်မစီးရဟု တရားဝင်အမိန့်ထုတ်ထားသော်လည်း ရဲသတင်းပေး (Informer)များဟာ ဆိုင်ကယ်ကြီးများ တကားကားနဲ့ ရပ်ကွက်အတွင်း လှည့်လည် ကျက်စားမှုဟာ ကိုလိုနီနယ်ချဲ့ဘဝက ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားများကို နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ ဗြိတိသျှအလိုတော်ရိများနည်းတူ ဆောင်ရွက်နေမှုကို သိရှိပါသလား။ မည်ကဲ့သို့ ဆောင်ရွက်မည် ကိုလည်း သိရှိလိုပါတယ်။ ၎င်း Informer များထဲက အချို့သည် ရပ်ကွက်ရာအိမ်မှူးများဖြစ်ပါလျက် ယခု တည်ဆဲဥပဒေများကို လိုက်နာခြင်းမရှိဘဲ ရဲများနှင့်အတူ ပြည်သူများအား စိတ်ဒုက္ခရောက်အောင် ခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်းပြုလုပ်နေမှုများအပေါ် မည်ကဲ့သို့ဆောင်ရွက် မည်ကို သိရှိလိုပါကြောင်း ပြည်သူများ၏ဆန္ဒနှင့် ပြည်သူများ၏အသံကိုမေးခွန်းအဖြစ် လေးစားစွာ မေးမြန်းရခြင်းဖြစ်ပါသည်။