(စ)-၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ နှင့် စပ်လျဉ်းသည့် မေးခွန်း
၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေဆိုတဲ့ မေးခွန်းကိုမေးရတာ ရည်ရွယ်ချက် ၂ ချက် ရှိပါတယ်ရှင်။ ပထမရည်ရွယ်ချက်တစ်ချက်ကတော့ ကျွန်မတို့မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ကျော်ရှိတဲ့အနက် မြန်မာအမျိုးသမီးဦးရေကထက်ဝက် ကျော်ကျော်ရှိနေပါတယ်။ ဒီ့အတွက် ကျွန်မလည်း မြန်မာအမျိုးသမီးဖြစ်နေတဲ့အတွက် ထက်ဝက်ကျော် သောမြန်မာအမျိုးသမီး များရဲ့ အားလုံးထဲမှာမှ ပြည့်တန်ဆာဘဝနဲ့ခက်ခဲစွာဘဝကိုရပ်တည်နေရတဲ့ အမျိုးသမီးများရဲ့ဘဝကို တည်ဆဲဥပဒေအတွင်းမှာ သိက္ခာရှိရှိရပ်တည်စေချင်တဲ့ဆန္ဒနဲ့ နောက်တစ်ချက် အဲ့ဒီအမျိုးသမီးများရဲ့ ဘဝကို ကာကွယ်စောင့်ရှောက်ပေးချင်လို့ ဒီမေးခွန်းကိုမေးရခြင်း ရည်ရွယ်ချက် (၁) ဖြစ်ပါတယ်။ ရည်ရွယ်ချက် (၂) ကတော့ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ HIV နှင့် AIDS ရောဂါတွေကို ကျွန်မတို့နိုင်ငံမှာ တစ်နေ့တခြားများပြားလာတာပါ။ ဒီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာ ဖြစ်မှကုတာထက်စာရင် မပျောက်နိုင်တဲ့ဒီရောဂါကိုကာကွယ်ဖို့၊ တားဆီးဖို့အတွက် ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့ လူသားတိုင်းမှာ တာဝန်ရှိတယ်လို့ ကျွန်မထင်ပါတယ်။ ဒီရောဂါဟာ အများဆုံးဖြစ်ပွားနေတဲ့ လိင်ဆက်ဆံရေးကနေ ကူးစက်နေတဲ့အတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်တစ်ဦးအနေနဲ့ရော၊ တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဝင်တစ်ဦးအနေနဲ့ရော ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေလို့ခေါ်တွင်စေသော ယခုမေးခွန်းကို မြန်မာအမျိုးသမီးများရဲ့အမျိုးဂုဏ်၊ ဇာတိဂုဏ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အလို့ငှာ အဲ့ဒီအပြင် မြန်မာနိုင်ငံမှာရှိသော တိုင်းရင်းသူ တိုင်းရင်းသားအားလုံး အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ အပါအဝင် Gender right လို့ခေါ်တဲ့ ကျား မ တရားမျှတစေဖို့ အခွင့်အရေးတွေရော၊ အပြစ်အရေးတွေရော တရားမျှမျှတတခံစားနိုင်ဖို့ ရည်ရွယ်ပြီး ဒုတိယရည်ရွယ်ချက်အနေနဲ့ ဒီမေးခွန်းကိုမေးရခြင်း ဖြစ်ပါတယ်ရှင်။ ဒီမေးခွန်းဖြစ် ပေါ်လာတဲ့ အခြေခံအကြောင်းအရင်းလေးကိုလည်း ခုနအကြောင်းအရင်းလေးလိုပဲတင်ပြခွင့်ပြုပါရှင်။
တာမွေမြို့နယ် ကျွန်မရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးကို ပြည့်တန်ဆာမှုနဲ့အဖမ်းခံထားရတဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးရဲ့မိခင်နှင့် အစ်မ လာရောက်ခဲ့ပါတယ်။ အဲ့ဒီ ကူညီတောင်းခံမှုကစပြီး ဒီမေးခွန်းဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါတယ်ရှင်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအရ ပြည့်တန်ဆာလုပ်ငန်းဖြင့်ဆောင်ရွက်သူ အမျိုးသမီးများကို အရေးယူတဲ့နေရာမှာ ၁၈ နှစ်အောက် အမျိုးသမီးငယ်အသက်မပြည့်သေးသူများ ပါဝင်လျက်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါ အသက်မပြည့်သေးသူများကို အရေးယူဆောင်ရွက်တဲ့နေရာတွင် အသက်ပြည့်ပြီး အရွယ် ရောက်သူသဖွယ် အသက်ကိုစိစစ်ခြင်းမရှိဘဲ တရားစွဲဆိုပြီးပြစ်ဒဏ်ကျခံစေလျက် ထောင်ကျနေသူ များလည်းရှိကြောင်းသိရှိရပါတယ်။ အဲ့ဒီလို အရွယ်မရောက်သေးဘဲ ဥပဒေအရထောင်ဒဏ်ကျခံ နေရတဲ့ အမျိုးသမီးငယ်များကို အကျဉ်းထောင်များအတွင်း ပြန်လည်စိစစ်ပေးစေလိုပါတယ်ရှင်။ သို့ဖြစ်ပါ၍ ဝန်ကြီးရှင့်။ ပြန်လည်စိစစ်ရန် အကျဉ်းထောင်အတွင်းမှာအစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။ အကယ်၍အစီအစဉ်ရှိလို့ စိစစ်ပြီးပြီဆိုရင် အသက်မပြည့်သူပြည့်တန်ဆာအမျိုးသမီးငယ်များရှိပါက ထောင်မှ ၎င်းအမျိုးသမီးငယ်များကို ပြန်လွှတ်ပေးရန်အစီအစဉ်ရှိ၊ မရှိလည်းသိရှိချင်ပါတယ်။ အကယ်၍များ ပြန်လည်စေလွှတ်ပေးခဲ့မယ်ဆိုရင် ၎င်းအမျိုးသမီးငယ်များကို သိက္ခာရှိရှိနဲ့ ဘဝကို ဆက်လက်ရပ်တည်နိုင်ဖို့အတွက် မည်သို့မည်ပုံဆောင်ရွက်မလဲဆိုတာကိုလည်း သိရှိချင်ပါတယ်။ ဒါက ကျွန်မရဲ့မေးခွန်း(၁)ပါရှင်။
လွှတ်တော်ကိုယ်စားလှယ်များ နားနဲ့မနာ ဖဝါးနဲ့နာ တော်မူပါရှင်။ ပြည့်တန်ဆာလုပ်ငန်းဆောင်ရွက်စဉ် အမျိုးသမီးများနဲ့အတူ ဖမ်းဆီးရမိသော အမျိုးသားများအား နှစ်ဦးနှစ်ဖက်ဖမ်းဆီးပြီး အမှုစွဲတင်တရားစွဲတဲ့ နေရာမှာ တရားသူကြီးရဲ့ မေးမြန်း ချက်အပေါ်မူတည်ပြီး အဆိုပါအမျိုးသားက ထွက်ချက်ပေးတဲ့အခါမှာ အခကြေးငွေဘယ်လောက်ပေးပြီး ၎င်းနှင့်အတူညက အတူပျော်ပါးခဲ့သူမှာ ယခုရုံးခန်းထဲတွင် တရားရုံးခန်း ထဲတွင်ရှိသော ကျွန်တော့် ဘေးတွင်ရှိသော သို့တည်းမဟုတ် ကျွန်တော့်ရှေ့တွင်ရှိသော အဆိုပါမိန်းကလေး မှန်ကန်ပါသည်ဟု အတည်ပြုပြောဆိုမှုရှိခဲ့ပါရင် ထိုမိန်းကလေးပြည့်တန်ဆာပုဒ်မနဲ့ ထောင်ကျပါပြီ။ အနည်းဆုံး ၁ နှစ်တော့ ထောင်ကျခံရမှာပါ။ သို့သော် ထိုအမျိုးသား သားကောင့်သားကတော့ ပြစ်ဒဏ်မရှိ။ ထောင်ဒဏ် မရှိဘဲနဲ့ ပကတိလွတ်ငြိမ်းချမ်းသာခွင့် ရရှိတယ်လို့ သိရှိရပါတယ်။ ငွေပေးပြီးကာမကိုရယူတဲ့ ထိုအမျိုးသားသည် အစိုးရသက်သေဖြစ်သွားပြီဆိုရင် ၎င်းဥပဒေမှာ တရားမျှတမှုမရှိပါ။ တစ်နည်းအားဖြင့် ကာမကိုငွေနဲ့ရောင်းပြီး ကာမကိုငွေနဲ့ဝယ်သူ နှစ်ဦးစလုံးအပြစ်ရှိပါတယ်ရှင်။ ကျွန်မတို့မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကမ္ဘာက သိအောင် ကြွေးကျော်နေတဲ့ စကားရပ်တစ်ခုကတော့ အမျိုးသမီးနှင့် အမျိုးသားတန်းတူ အခွင့်အရေးရတယ်လို့ ကြွေးကျော်ခဲ့တာ နှစ်ပေါင်းများစွာရှိပါပြီရှင်။ ဒါဆိုရင် ကျား မ တန်းတူဖြစ်စေဖို့ အခွင့်အရေးမှာ လည်းတန်းတူရှိရင် အပြစ်အရေးမှာလည်းတန်းတူရှိသင့်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေ အပြစ်အရေး တန်းတူကိုက်ညီမှုမရှိတာကိုတွေ့ရှိရပါတယ်ရှင့်။ ဒါကြောင့် ကာမကို ငွေနဲ့ဝယ်ယူသူ အမျိုးသားများအား သက်သေအဖြစ်မှတစ်ပါး ခဏထားပြီး အားပေးကူညီသူများအဖြစ်လည်း သတ်မှတ်နိုင်ပါသဖြင့် ကျွန်မမေးခွန်း(၂)ကို ဒီလိုမေးချင်ပါတယ်ရှင်။ ပြည့်တန်ဆာလုပ်ငန်းကို ဆောင်ရွက်စဉ်ပါဝင်သော အမျိုးသားများအား ပြည့်တန်ဆာလုပ်ငန်းကိုဆောင်ရွက်ခဲ့သော အမျိုးသမီး များကဲ့သို့ ပြစ်ဒဏ်ချခံရန်ရှိ၊ မရှိ။ ရှိသည်ဆိုပါက မည်သည့်အချိန်မှစ၍ ပြစ်ဒဏ်သတ်မှတ်မည်နည်း။ မရှိလျှင် ၁၉၄၉ ခုနှစ် ဥပဒေကိုပြင်ဆင်ရန်လို၊ မလို။ လိုပါက မည်သည့်အချိန်တွင်ပြင်ဆင်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်း ရခြင်း ဖြစ်ပါသည်။