(င) နှစ်ပေါင်းများစွာ ကြာမြင့်နေသောလုပ်ငန်းများ၊ စီမံကိန်းဖျက်လိုက်ရသည့်လုပ်ငန်းများကို လက်လွှဲ၍ အကွက်ရိုက်ရောင်းခြင်းများပြုလုပ်နေမှုကို ဥပဒေနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ပေးမည်နှင့်စပ်လျဉ်း သည့်မေးခွန်း
ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားသည့်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်အနေဖြင့် ကွင်းဆင်းစစ်ဆေးကြားနာမှုများ ပြုလုပ်သည့်အခါမှာ လုပ်ငန်းရှင်ကြီးများကလက်ဦးမှုရယူပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို အမြန်ဆုံး ပြုလုပ်နေသည့်အပြင် လက်ငုတ်လက်ရင်းလယ်သမားများကိုလည်း ၎င်းနယ်မြေအနီးသို့ပင် ဖြတ်သန်း ခွင့်မပေးတော့သည့် အခြေအနေမျိုးကို ရောက်ရှိနေပါသည်။ ယခင် ကဆိုရင် လယ်သီးစားခပေးပြီး လယ်လုပ်ခွင့်ရနေသော လယ်သမားများသည် လယ်ယာစုံစမ်းရေးကော်မရှင် ကွင်းဆင်းကြားနာသည့် အခါမှာ အခြေပါပျက်နေရသည့် ဘဝမျိုးရောက်ရှိသွားပါသည်။ လုပ်ငန်းရှင်များဘက်မှလည်း တစ်ဖက်သတ်လုပ်ဆောင်နေမှုများကို သက်ဆိုင်ရာအုပ်ချုပ်ရေး အာဏာပိုင်များက မည်ကဲ့သို့ ဆောင်ရွက်ပေးပါသနည်းလို့ မေးမြန်းကြည့်သည့်အခါမှာလည်း လုပ်ငန်းရှင်များက ဥပဒေနဲ့အညီ လုပ်ဆောင်တာဖြစ်တဲ့အတွက် သူတို့အနေနဲ့ မည်သို့မျှလုပ်ဆောင် ပေးရန်မလိုပါကြောင်း ပြန်လည် ဖြေကြားတာကိုတွေ့ရပါတယ်။ သို့ဖြစ်ပါ၍ လယ်သမားအများစုအနေနဲ့နစ်နာမှုတွေ အခါခါမဖြစ်စေ ရန်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးပါသနည်းဆိုတဲ့ ရှင်းလင်းချက်လေးဖြစ်ပါတယ်။ မေးခွန်းပုံစံကတော့ နှစ်ပေါင်းများစွာ ကြာမြင့်နေသောလုပ်ငန်းများ၊ စီမံကိန်းဖျက်လိုက်ရသည့်လုပ်ငန်းများကို လက်လွှဲ၍ အကွက်ရိုက် ရောင်းချခြင်းများပြုလုပ်နေမှုကို ဥပဒေနှင့်အညီ မည်ကဲ့သို့လုပ်ဆောင်ပေးမည်နည်းဆိုတော့ ကျွန်မကစာလေးနည်းနည်းပြင်လိုက်ပါ မယ်။ နှစ်ပေါင်းများစွာ ကြာမြင့်နေသောလုပ်ငန်းများဆိုတာက နည်းနည်းအဓိပ္ပာယ်မရှိသလိုဖြစ်နေလို့ နှစ်ပေါင်းများစွာကြာမြင့်နေသော စီမံကိန်းလုပ်ငန်းများ၊ စီမံကိန်းဖျက်လိုက်ရသည့်လုပ်ငန်းများကို လက်လွှဲ၍ အကွက်ရိုက်ရောင်းခြင်းများပြုလုပ်နေမှုကို ဥပဒေနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။