(ခ)-မော်တော်ယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များ တင်သွင်းခွင့်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ယနေ့မြန်မာနိုင်ငံမှာ လက်ရှိ အခြေအနေ အရ ဒေါ်လာငွေဈေးနှုန်း ကျဆင်းမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ၊ ကုန်ထုတ်လုပ်သူများ စီးပွားရေး ကျဆင်းပြီး လုပ်ငန်းရပ်တန့်နိုင်တဲ့အခြေအနေအထိ ရောက်ရှိခဲ့ပါတယ်။ ၎င်းအခြေအနေမှ ကျော်လွှား နိုင်ရန် ကုန်ထုတ်လုပ်မှုစရိတ်ကိုလျှော့ချရန် အရေးကြီးအကြောင်းတစ်ရပ်အဖြစ် ဖြစ်ပေါ်လာရာ သယ်ယူပို့ဆောင်မှုစရိတ် ကြီးမြင့်မှုလျှော့ချရေးဟာ လွန်စွာအရေးပါပါတယ်။ လက်ရှိမော်တော်ယာဉ် တင်သွင်းမှုပုံစံဟာ အလွန်ကျပ်တည်းလွန်းနေပါသဖြင့် လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နဲ့အညီ ပြန်လည်ပြင်ဆင်ပြီး မော်တော်ယာဉ်များတင်သွင်းခွင့်ကို ဖြေလျှော့ပေးသင့်ပါတယ်။ တည်ဆဲ မော်တော်ယာဉ်တင်သွင်းမှုမှာ လုပ်ထုံးလုပ်နည်းများအတိုင်းမကျင့်သုံးဘဲ လျှောက်ထားသည့်အပေါ် ကြည့်ပြီးတော့ မော်တော်ယာဉ်တင်သွင်းမှုပြုခြင်းဟာ ပါမစ်ခေတ်သို့ရောက်အောင် ပြုလုပ်ပေး သကဲ့သို့ဖြစ်နေ၍ မူရင်းကားတန်ဖိုးထက် ၅ဆ မှ ၁၀ ဆအထိ ပြည်သူများဈေးကြီးပေးဝယ်ယူပြီးတော့  သုံးစွဲနေရပါတယ်။ ယာဉ်တန်ဖိုးဟာ သယ်ယူပို့ဆောင်မှုများမှာ တစ်နေ့ထက်တစ်နေ့ခက်ခဲလာတဲ့ အပြင်စရိတ်စက ပိုမိုကြီးမြင့်လာပါတယ်။ မော်တော်ယာဉ်ဈေးမြင့်တက်လာသည်ကို အခွင့်ကောင်းယူ ၍စက်မှုဇုန်များမှ ပြည်တွင်းကားထုတ်လုပ်မှုကိုအကာအကွယ်ယူပြီးကားမှောင်ခိုတင်သွင်းခြင်းကြောင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ ခက်ခဲလာပြီး စရိတ်စက ကြီးမြင့်စေပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးတိုးတက်စေရန် ကုန်ထုတ်လုပ်ငန်းကို အဓိကထားဆောင်ရွက်ရမယ့်အချိန်မှာ ဘယ်မောင်း ယာဉ်အသစ်ကိုသာ အကန့်အသတ်ဖြင့် တင်သွင်းစေခြင်း၊ ဈေးနှုန်းသတ်မှတ်ရာမှာ အမှန်အတိုင်း တင်သွင်းခွင့်မရခြင်း၊ တစ်ပတ်ရစ်ယာဉ်များ၊ ညာမောင်းယာဉ်များ တင်သွင်းခွင့် မပြုခြင်းများကို ဆောင်ရွက်လျက်ရှိတဲ့အတွက် မော်တော်ယာဉ်များ ပြည်တွင်းမှာ ဈေးနှုန်းမြင့်မားလျက်ရှိပြီး ကုန်ထုတ် လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရမယ့်အစား သယ်ယူပို့ဆောင်ရေးစနစ်မှာ များစွာရင်းနှီးမြှုပ်နှံကြရပါ၍ ကုန်ထုတ်လုပ်ငန်းများ ချောမွေ့စွာဆောင်ရွက်နိုင်ခြင်းမရှိဘဲ စရိတ်စကကြီးမြင့်လာရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်း လမ်းတံတားဖြတ်သန်းမှုကို အာဆီယံစံနှုန်းသတ်မှတ်လျက် ရှိရာ ကုန်တင်မော်တော်ယာဉ်ကြီးများ ပိုမိုလိုအပ်လာပြီး သယ်ပို့ယာဉ်များအတွက် ထပ်မံရင်းနှီးရန် လိုအပ်လာပါတယ်။ လက်ရှိသယ်ယူပို့ဆောင်ရေးစရိတ်များဟာ လယ်ယာထွက်ပစ္စည်းများအတွက် များစွာ ဝန်ပိလျက်ရှိပါတယ်။ ရောင်းရငွေတစ်တန်မှာ အမေရိကန်ဒေါ်လာ ၃၀၀ မှ ၄၀၀ အထိ တန်ဖိုးရှိတဲ့ကုန်ပစ္စည်းများကို မိုင် ၅၀၀ ခရီးအတွက် သယ်ယူပါကကားခ ယူအက်စ်ဒေါ်လာ၊ အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင်နဲ့ အခြားခေါက်တို စရိတ်များနဲ့တွက်ချက်ပါက အမေရိကန်ဒေါ်လာ ၁၂၀ ကျော်အထိ ရောက်ရှိနေပြီးဖြစ်တဲ့အတွက်ကြောင့် ၃၀၀-၄၀၀ ရောင်းရတဲ့ကုန်ပစ္စည်းတစ်ခု အပေါ်မှာ သယ်ယူပို့ဆောင်စရိတ်က ၁၂၀ ထိ ရောက်ရှိနေတဲ့အတွက် ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ကုန်ကျလျက်ရှိနေတာကို တွေ့ရပါတယ်။ ရန်ကုန်-နေပြည်တော်ခရီးစဉ် လေယာဉ်ခမှာ ၂၁၀၀၀ ပေးရတဲ့အချိန်မှာ မြို့တွင်းမှရန်ကုန်လေယာဉ်ကွင်းကားခ ၅၀၀၀ မှ ၁၀၀၀၀ အထိလည်းကောင်း၊ နေပြည်တော်လေယာဉ်ကွင်းမှ မြို့တွင်းကားခကို ၈၀၀၀ မှ ၁၀၀၀၀ အထိ လည်းကောင်း၊ အောင်မင်္ဂလာကားဂိတ်နဲ့ ရန်ကုန်မြို့ထဲကို  နေပြည်တော်-ရန်ကုန် မိုင် ၂၀၂ မိုင်မှာ မော်တော်ကားခ ၆၀၀၀ ပေးရတဲ့အချိန်မှာ မြို့တွင်းကားငယ်များဟာ ယာဉ်စီးခ ၅၀၀၀ မှ ၁၀၀၀၀ အထိလည်းကောင်းပေးနေရခြင်းဟာ မော်တော်ယာဉ်များ ရှားပါးခြင်းနဲ့မလိုအပ်ဘဲ ဈေးနှုန်းမြင့်စွာ ဝယ်ယူသုံးစွဲနေရခြင်းကြောင့် ဖြစ်ပါတယ်။ သို့ပါ၍ သယ်ယူပို့ဆောင်စရိတ်ကျဆင်းလာပြီး ကုန်သွယ်မှု မြင့်တက်လာစေရန်လည်းကောင်း၊ ဒေါ်လာနဲ့ မြန်မာငွေကြေးလဲလှယ်ရာမှာ ဈေးနှုန်းကျဆင်းမှုကြောင့် သက်ရောက်လျက်ရှိသော ဆိုးကျိုးများကို ကာကွယ်ရန်အတွက်လည်းကောင်း၊ ခေတ်စနစ်နဲ့အညီ လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင်ပြီး မော်တော်ယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များကို တင်သွင်းခွင့် ပြုရန်အစီအစဉ်  ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။