(ဂ)-ယခင်နှစ်ပိုလျှံစပါးများကို ရောင်းချနိုင်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

မိုင်းယောင်းမြို့နယ်မှာ လူဦးရေ ၁၀၆၀၀၀ ‌ကျော်ရှိပြီး လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ လယ်ယာလုပ်ကိုင်စားသောက်ကြတဲ့ တောင်သူလယ်သမားများဖြစ်ကြပါတယ်။ စပါးစိုက်ဧက ၅၀၀၀၀ ကျော်ရှိပြီး နှစ်စဉ်စပါးတင်းပေါင်း ၄၃ သိန်းခန့်ထွက်ရှိပါတယ်။ မြို့နယ်အတွက် စားသုံးမှုအတွက် ချန်လှပ်ပြီးရင် ကျွန်တော်တို့ တင်းပေါင်း ၂၅ သိန်းခန့် ပိုလျှံလျက်ရှိပါတယ်။ အဲဒီပိုလျှံတဲ့စပါးကို ယခု ထက်တိုင် ကျွန်တော်တို့ ဈေးကွက်ကို လွတ်လပ်စွာရောင်းချခွင့် မရှိသေးပါ။ သက်ဆိုင်ရာများကနေ ပိတ်ဆို့ဟန့်တား တားဆီးနေတယ်လို့သိရပါတယ်။ အဲဒီအဖြစ်မျိုးတွေဟာ ကျွန်တော်တို့ မိုင်းယောင်းမြို့ တွင်သာမကပဲ မိုင်းပန်၊ မိုင်းကိုင်၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်ကြတဲ့ နောင်မွန်၊ ဆီဆိုင်မြို့နယ်တွေမှာလည်း အဲလိုကိစ္စမျိုး ပေါ်ပေါက်နေတာကို တွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုအဆင့် အဖွဲ့ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်     ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများကို ၆-၄-၂၀၁၀ ရက်နေ့က ပြောကြားသွားတဲ့ အမှာစကားမှာ ဥပဒေနဲ့အညီ လွတ်လပ်စွာစိုက်ပျိုးခွင့်၊ လွတ်လပ်စွာသယ်ယူရောင်းချခွင့်ပြုရမှာဖြစ်တဲ့အတွက် အပိတ်အဆို့အတားအဆီးအဟန့်အတားများကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ဥပဒေအရစီးပွားရေး အခွင့်အလမ်းပေးခြင်း၊ ကြီးကြပ်ခြင်း၊ အခွန်ကောက်ယူခြင်းများ ပြုလုပ်ရာမှာ ပြည်သူများအတွက်မလို အပ်တဲ့ အပိုကုန်ကျစရိတ်များမရှိအောင် စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်လို့ မိန့်မှာသွားပါတယ်။ ဒါကြောင့် ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ ကျွန်တော်တို့ မိုင်းယောင်းမြို့နယ်မှ ယခင်နှစ်က ပိုလျှံတဲ့စပါးများကို ဒေသတွင်းဈေးကွက်သို့ သယ်ယူရောင်းချခွင့်မရှိသေးသည်ကို သက်ဆိုင်ရာက သိပါသလား။ သိရှိပါက မည်သို့ကူညီဖြေရှင်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။