(င)-နယ်စပ်ကုန်သွယ်ရေးစခန်းမှရရှိသောအခွန်အခနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်နယ်နဲ့ တိုင်းဒေသကြီး၊ အစိုးရအသီးသီးတို့သည် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလမှစပြီး မိမိပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတွေရဲ့ ရသုံးငွေကို မိမိဘာသာရှာဖွေစီမံခန့်ခွဲရတော့မယ်လို့သိရှိရပါတယ်။ ထိုအခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ အရ ဥပဒေပြုခွင့်ဇယား ၂ ပါ ကိစ္စရပ်များနှင့်စပ်လျဉ်းတဲ့ ဥပဒေပြုခွင့် ဘဏ္ဍာငွေရှာဖွေခွင့်ရရှိလာမယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးတို့အတွက် ရသုံးခန့်မှန်းငွေ၊ ခန့်မှန်းခြေငွေစာရင်းရေးဆွဲရာမှာ လိုငွေများစွာရှိနေကြောင်း ကြားသိရပါတယ်ခင်ဗျား။ ဥပမာပြရရင် ရှမ်းပြည်နယ်အစိုးရရဲ့ ရသုံးခန့်မှန်းငွေစာရင်းနဲ့ ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီရဲ့အစီရင်ခံစာ ၁/၂၀၁၁ အရ လိုငွေကျပ်သန်းပေါင်း ၂၈၀၀၀ ကျော်ပြသနေကြောင်းသိရပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ နယ်စပ်ကုန်သွယ်ရေးစခန်း ၉ ခုနဲ့ လဝကစစ်ဆေးရေးစခန်းများ ရှိကြပါတယ်။ အဲဒီစခန်းများအား ဖြတ်သန်းပြီး ကုန်သွယ်မှုပြုလျက်ရှိရာ တရားဝင်ကုန်သွယ်မှုမှာ အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အမြတ်ခွန်စသည်တို့များစွာရရှိပြီး ၎င်းရငွေများသည် ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာနတို့မှ တစ်ဆင့် ပြည်ထောင်စုအစိုးရ ဘဏ္ဍာ ငွေတို့ စီးဝင်ကြောင်းသိရပါတယ်ခင်ဗျား။ ဒီနယ်စပ်ကုန်သွယ်မှုများမှာရရှိတဲ့ ဘဏ္ဍာငွေပမာဏဟာ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့ရဲ့ ရသုံးခန့်မှန်းငွေ၊ ရသုံးခန့်မှန်းခြေ လိုငွေ စာရင်းကို ဖြည့်စွမ်းပေးနိုင်မယ့် အခြေအနေမှာရှိပါတယ်။ ဥပမာတစ်ခုကိုပြရရင် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၀-၂၀၁၁ခုနှစ်၊ တရားဝင်ကုန်သွယ်မှုပမာဏ ဒေါ်လာသန်းပေါင်း ၁၄၀၉၆ ရရှိရာ အကောက်ခွန်ဦးစီးဌာနရဲ့ အကောက်ခွန်အရပ်ရပ်မှ ရရှိငွေကျပ်သန်းပေါင်း ၃၀၆၀၀.၆၇၊ ပြည်တွင်း အခွန်ဦးစီးဌာနရဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်းပေါင်း ၁၁၇၈၃.၆၂၊ ဝင်ငွေခွန် ၁၈၃၈.၄၄၅ သန်းနဲ့၊ အမြတ်ခွန် ၇၃၉.၂၃၈ သန်းရရှိခဲ့ပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါ မေးခွန်းများကိုသက်ဆိုင်ရာမှ ဖြေကြားပေးပါရန် မေးမြန်းလိုပါတယ်ခင်ဗျား။ (၁)နယ်စပ်ကုန်သွယ်ရေး စခန်းရှိသော တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ ဘဏ္ဍာငွေရရှိရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းမှရရှိသည့် အခွန်အခအရပ်ရပ်တို့ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ရာခိုင်နှုန်းသတ်မှတ်၍မည်ကဲ့သို့ ခွဲဝေပေးနိုင်မည်ကို သိရှိလိုပါတယ်။ မည်သည့် အချိန်ကာလမှာ ခွဲဝေပေးနိုင်မည်ကိုလည်း သိရှိလိုပါတယ်ခင်ဗျား။ (၂)အိမ်နီးချင်း နိုင်ငံများနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှာ နယ်စပ်စစ်ဆေးရေး စခန်းများ ရှိကြပါတယ်။ ထို့အပြင် တရားမဝင် ဝင်ပေါက် ထွက်ပေါက်များမှတစ်ဆင့် ကုန်သွယ်မှုများ ရှိနေရာ ၎င်းတို့အား တရားဝင်နယ်စပ်ကုန်သွယ်မှု ဖြစ်လာအောင် စီမံဆောင်ရွက်ပေးပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘဏ္ဍာငွေဖြည့်တင်းရေး စီမံဆောင်ရွက်နိုင်ခြေ ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။