(ခ)-သိပ္ပံနှင့်နည်းပညာကဏ္ဍနှင့်စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်သမ္မတကြီးအနေနဲ့ ကျွန်တော်တို့ နိုင်ငံကြီးကို ချမ်းသာကြွယ်ဝတဲ့နိုင်ငံ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ အလုပ်အကိုင်ပေါများပြီး လူတစ်ဦး ချင်းရဲ့ဝင်ငွေတိုးပွားတဲ့ နိုင်ငံကြီးဖြစ်ရအောင် စက်မှုနိုင်ငံကြီးကို ထူထောင်ရမယ်လို့ ၂၀-၃-၂၀၁၁ နေ့က မိန့်ကြားခဲ့ပါတယ်။ ဒီလိုစက်မှုနိုင်ငံကြီးထူထောင်ဖို့ဆိုတာ ကျွန်တော်တို့ ဒီသိပ္ပံနှင့်နည်းပညာကဏ္ဍရဲ့ ကူညီပံ့ပိုးမှုများစွာလိုအပ်မှာပဲဖြစ်ပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရဲ့ နည်းပညာပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ တီထွင်မှု၊ ကြံဆမှု၊ ပံ့ပိုးပေးမှုပေးခြင်းဟာ စက်မှုနိုင်ငံကြီးထူထောင်ဖို့အတွက်ကို များစွာအထောက်အကူပြုပြီး အောင်မြင်မယ်လို့ ကျွန်တော့်အနေနဲ့ယူဆမိပါတယ်။ ဒါ့ကြောင့်မို့လို့ သိပ္ပံနှင့်နည်းပညာကဏ္ဍနဲ့ပတ်သက်ပြီး အောက်ဖော်ပြပါမေးခွန်းနှစ်ခုကို ကျွန်တော့်အနေနဲ့ မေးမြန်း လိုကြောင်းတင်ပြအပ်ပါတယ်။ ပထမမေးခွန်းကတော့ သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံတော်အဆင့်စီမံကိန်းများအြခေအနေနဲ့ ဆက်လက်ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းများနှင့်ပတ်သက်၍သိရှိလိုပါကြောင်း မေးမြန်းတင်ပြ အပ်ပါတယ်ခင်ဗျား။ ဒုတိယမေးခွန်းကတော့ မိမိနိုင်ငံတွင် နျူကလီးယားစွမ်းအင်ထုတ်လုပ်နိုင်ရေး အတွက် အခြားနျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကူအညီရယူဆောင်ရွက်လျက်ရှိကြောင်း စွပ်စွဲပြောဆိုမှုများကိုသာ ကြားသိလျက်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း မှန်၊ မမှန်သိရှိလိုကြောင်း မေးမြန်းပါသည်။