(ခ)-ပြည်တွင်းဘိလပ်မြေစက်ရုံများအတွက် ကမ်းလွန်သဘာဝဓာတ်ငွေ့များ ရောင်းချပေးနိုင်ခြင်း ရှိ၊မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်တို့ ဒီသဘာဝဓာတ်ငွေ့နဲ့ ပတ်သက်လို့တော့ အချိန်ကန့်သတ်ချက် လေးတစ်ခုရှိပါတယ်။ ဒီသဘာဝဓာတ်ငွေ့ ပုဂ္ဂလိကစက်မှုလုပ်ငန်းများကိုပေးဖို့ဆိုတာဟာ ဒီနေ့ နိုင်ငံတော်မှ စွမ်းအင် အထူးသဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ တိုင်းနှင့်ပြည်နယ်များ၊ ပြည်သူ၊ ပြည်သားများ အတွက် အဓိကကျတဲ့နေရာများမှာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ပေးနေတာကိုလည်း သိရှိရပါတယ်။ ဒီလိုဆောင်ရွက်ပေးလို့ ပိုလျှံတဲ့နောက်ပိုင်းမှာ သဘာဝဓာတ်ငွေ့ကို ရောင်းချနိုင်ခြင်း ရှိ၊ မရှိ ဆိုတာကို ကျွန်တော်တင်ပြမေးမြန်းသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ AFTA ကိုခံစားရတော့မှာ ဖြစ်လို့ယှဉ်ပြိုင်ရပါတော့မယ်။ ဒီအတွက်လည်း ကျွန်တော်မေးခွန်းမေးဖူးပါတယ်။ ဒါ့အတွက်လည်း နိုင်ငံတော်ကဆောင်ရွက်နေကြောင်း၊ အသိပေးဆောင်ရွက်နေကြောင်းကို သိရှိရပါ တယ်။ သို့သော်လည်းပဲ စက်မှုကဏ္ဍပိုင်းအတွက်တော့ တိတိကျကျ ကာကွယ်ဖို့လုပ်ဆောင်နေတာကို လက်လှမ်းမီသရွေ့တော့ မတွေ့ရသေးပါဘူး။ အချို့စက်မှုကဏ္ဍများမှာဆိုရင်လည်း ဒီနေ့တိုင် အခိုက်အတန့်ဒုက္ခရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအချက်ထဲက တစ်ချက်ဖြစ်တဲ့ စက်မှုကဏ္ဍအပိုင်းတိုးတက်ဖို့ဆိုရင် နိုင်ငံတော်မှမကူညီဘဲ ကျွန်တော်တို့ ဘယ်လိုမှမရနိုင်ပါဘူး။ နိုင်ငံတော်မှ ငွေအား၊ လူအား နည်းပညာအားနဲ့ ကူညီမှသာလျှင် ရနိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးဖို့ နောက်ဆုံးအဆင့်လိုအပ်ရင်တောင် နိုင်ငံတော်အနေနဲ့ Subsidize လုပ်ပေးဖို့ ဒါလိုအပ်လာမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်ကာလမှာ ကျွန်တော်တို့ AFTA ရောက်လာမှာ ဖြစ်တဲ့အတွက် ဒီအချိန်မှာ ကျွန်တော်တို့က သူများနဲ့ယှဉ်ပြိုင်ရတဲ့အခါမှာ နိုင်ငံတော် က ကျွန်တော်တို့ စက်မှုလုပ်ငန်းတွေကို အားပေးဖို့လိုပါတယ်။ အဲဒီလို အားပေးတဲ့အခါမှာ ခုနက တင်ပြသလိုပဲ Incentive ပုံစံနဲ့ဖြစ်ဖြစ်၊ Production ပုံစံနဲ့ပဲဖြစ်ဖြစ် ဆောင်ရွက်ပေးသွားဖို့ ကျွန်တော်တို့ လိုအပ်မှာဖြစ်ပါတယ်။ အထူးသဖြင့် လိုအပ်လာလို့ရှိရင် ကျွန်တော်တို့ စက်မှုထွက်ကုန်ပစ္စည်းများအတွက် Export Incentive ပေးဖို့လိုပါမယ်။ တရုတ်ပြည်မှာဆိုရင် Export Incentive ဆိုတာ ယခင်ကရှိခဲ့ပါတယ်။ ကျွန်တော်တို့ Export ပို့တိုင်းပို့တိုင်း နိုင်ငံတော်က ထပ်ဆောင်းပေးတယ်ဆိုတဲ့သဘောမျိုး ဒါဆောင်ရွက်ခဲ့ တာဟာ ကျွန်တော်တို့ရဲ့ Export ကို တွန်းအားပေး ဆောင်ရွက်ခွင့်ပြုပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒါတွေလုပ်ဖို့ဆိုရင် ကျွန်တော်တို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းကလည်း ဈေးနှုန်းလျော့နည်းဖို့၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းဖို့လိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ဒီနေ့ မြန်မာနိုင်ငံမှာ ပြင်ပကနေပြီးတော့ တင်သွင်းနေတဲ့ဘိလပ်မြေဟာ တန်ချိန်သိန်းသန်းချီပြီးတော့ ရှိနေပါတယ်။ ဒါတွေဟာဆိုရင် ပြည်တွင်းစက်ရုံများ တည်ဆောက်လာမယ်ဆိုလို့ရှိရင် ဒါတွေကို ကျွန်တော်တို့ ကာကွယ်သွားနိုင်မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ဘိလပ်မြေစက်ရုံများအတွက် သဘာဝဓာတ်ငွေ့များ ပိုလို့ ပေးနိုင်ခဲ့မယ်ဆိုရင် ဈေးနှုန်းဟာ ခေါက်ချိုးမကကျသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ မြန်မာနိုင်ငံမှာသုံးနေတဲ့ ကျောက်မီးသွေးဟာ ဆိုလို့ရှိရင် အများအားဖြင့် ကလေးဝကျောက်မီးသွေးမှအပ ကျန်တဲ့ကျောက်မီးသွေးတွေဟာ အဆင့်အတန်း မမီပါဘူး။ ဘိလပ်မြေစက်ရုံမှာသုံးဖို့ဆိုရင် ကျွန်တော်တို့ စွမ်းအင်ဟာ ဒီကယ်လိုရီအနေနဲ့ ၅၀၀၀ ကျော်လိုပါတယ်။ ဒါပေမယ့်လို့ ဒီနေ့သုံးနေရတဲ့ ကျောက်မီးသွေးတွေဟာ ၃၀၀၀ ကျော်ဖြစ်တဲ့အတွက် ဘိလပ်မြေတစ်တန်ထွက်ဖို့ဆိုရင် ကျောက်မီးသွေး က ဝ.၄ တန်လောက်သုံးနေရတဲ့သဘောရှိပါတယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှုစရိတ်မှာလည်း မြင့်မားသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က သဘာဝဓာတ်ငွေ့နဲ့ပတ်သက်လို့ ရောင်းချနိုင်ခြင်း ရှိ၊ မရှိဆိုတာ တင်ပြမေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီ သဘာဝဓာတ်ငွေ့ရောင်းချနိုင်ခြင်း ရှိ၊ မရှိဆိုတာဟာလည်း ကမ်းလွန်သဘာဝဓာတ်ငွေ့က နိုင်ငံခြားကို အခုရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ထဲကနေပြီးတော့ နိုင်ငံခြားငွေနဲ့ပဲပေးပြီးတော့ ဝယ်ရင်ကော ကျွန်တော်တို့ မရနိုင်ဘူးလားဆိုတာတင်ပြမေးမြန်းသွားမှာဖြစ်ပါတယ်။ ထို့အတူပဲ ဒီ AFTA လာမှာ ဖြစ်တဲ့အတွက် ဒီအချိန်မှာ ကျွန်တော်တို့က ကျန်တဲ့နိုင်ငံတွေက သွင်းမယ့် ဘိလပ်မြေကိုမလာခင် ကျွန်တော်တို့ဆီက ထုတ်လုပ်နိုင်မှုတွေရှိတယ်ဆိုရင်လည်းပဲ ဒီသွင်းလာတဲ့ ဘိလပ်မြေတွေကို အခွန်အကောက်တိုးမြှင့်ကောက်ခံခြင်းဖြင့် ကျွန်တော်တို့ရဲ့ ဘိလပ်မြေလုပ်ငန်းတွေ တခြားစက်မှုလုပ်ငန်း တွေကို ကျွန်တော်တို့ ကာကွယ်ပေးရာရောက်ပါတယ်။ အဲဒီလိုကော လုပ်မပေးနိုင်ဘူးလားဆိုတာလေး တင်ပြသွားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်လို့ လိုအပ်နေတဲ့အရာတွေ ဖြစ်တဲ့ စက်မှုလုပ်ငန်းများ မီးလင်းရေးကိစ္စများမှာ တတ်နိုင်သမျှဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်ပေးသင့် ပါတယ်။ ပြည်သူအတွက်လည်း ဦးစားပေးမဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ အဲဒီလိုအပ်တဲ့ အပေါ်မှာလည်းပဲ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အများနဲ့လုပ်ရတဲ့အတွက် အခက်အခဲရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိရှိပါတယ်။ ဒါ့ကြောင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုြဖေရှင်း ဆောင်ရွက်သင့်တယ် ဆိုတာကို အခုကတည်းက စဉ်းစားပြီးတော့ ကျွန်တော်တို့တတွေ အားလုံးသိရှိအောင် ဘယ်တော့မှာ ဘယ်လိုရနိုင်တယ်ဆိုတဲ့ Plan လေးလည်းပြောကြားမယ်ဆိုရင် ပြည်သူလူထုအနေနဲ့ အထူးဝမ်းသာမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား အထူးသဖြင့် မီးရရှိရေးအတွက် လုံလောက်ပြီးတဲ့နောက်ပိုင်းမှာ စက်မှုလုပ်ငန်း များအတွက်လည်းပဲ ဘယ်ခေတ် ဘယ်အချိန်ကာလတစ်ခုမှာ ရဖို့သေချာတယ်ဆိုရင် ၎င်းရမယ့်အချိန်မှာ ရည်မှန်းပြီးတော့ ယခု ကတည်းက စက်မှုလုပ်ငန်းများ တိုးချဲ့တည်ဆောက်ဖို့ကိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာတစ်ခု စက်မှုလုပ်ငန်းနဲ့ ပြရမယ်ဆိုရင် ဥပမာ-ဘိလပ်ြမေစက်ရုံတစ်ရုံ တည်ဆောက်ဖို့ဆိုလို့ရှိရင် Implementation Stage ကနေပြီးတော့ စက်ရုံပြီးတဲ့အထိက နှစ်နှစ်ခွဲမှ သုံးနှစ်ကြာပါတယ်။ ကျွန်တော်တို့ ကဘယ်နေရာ ဘယ်ဒေသတွေမှာ Gas တွေရမယ်ဆိုလို့ရှိရင် နောင်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းပြီးတော့ စက်ရုံကိုကြိုတင်ပြီးတော့ Gas ရမယ့်အချိန်နဲ့ကိုက်ပြီးတော့ ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် အချိန်ဇယားလေးလည်း ထုတ်ပြန်ပေးသင့်ပါတယ်လို့ ဒီနေရာမှာ တင်ပြဆွေးနွေးခြင်း ဖြစ်ပါတယ်။ ဒါမှလည်းပဲ စက်မှုလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက် ကြိုတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုရှိလာနိုင်တဲ့ အခက်အခဲများကိုလည်းပဲ သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေလျော့နိုင်သရွေ့ ဖြေလျော့ပေးနိုင်အောင် လုပ်သင့်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်မေးမယ့် မေးခွန်းကတော့ စက္ကူစက်ရုံများ၊ စက်မှုလုပ်ငန်းများ၊ ဘိလပ်မြေ စက်ရုံများလောင်စာဖြစ်တဲ့ သဘာဝဓာတ်ငွေ့ပေးဖို့ အစီအစဉ်ရှိ၊မရှိ။ ဘိလပ်မြေစက်ရုံများမှာ ယခင် ကျောက်မီးသွေးနဲ့လည်ပတ်၍ ထုတ်လုပ်မှုစရိတ်များနေရခြင်း၊ နှစ်ဆဖြစ်နေရခြင်း ဖြစ်ပါတယ်။ ယခုတော့ ကုန်းတွင်းသဘာဝဓာတ်ငွေ့ လျော့နည်းနေကြောင်း ကုန်းတွင်းမှမပေးနိုင်သေးကြောင်း သိရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ကမ်းလွန်သဘာဝဓာတ်ငွေ့ကို အားလုံးပြီးပြည့်စုံပြီးတဲ့အချိန်မှာ နိုင်ငံခြားငွေနဲ့ ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ပေးပို့ဖို့၊ ရောင်းချဖို့ အစီအစဉ်မရှိသေးရင်လည်းပဲ ကုန်းတွင်းသဘာဝဓာတ်ငွေ့သာမကဘဲ ကမ်းလွန်သဘာဝဓာတ်ငွေ့ များကို ပြည်ပသို့ရောင်းချမည့်အစား ပြည်တွင်းဦးစားပေး နိုင်ငံခြားငွေနဲ့ဖြစ်ဖြစ် ရောင်းလို့ရ၊ မရ သိလိုပါတယ်။
နောက်တစ်ချက်က အလားတူပဲ အခြားလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှာ ကျရောက်တော့မယ့် AFTA ကိုကြိုတင်ကာကွယ်သောအားဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို ကာကွယ်ပေးမှုနဲ့ ငွေကြေး ချေးငှားထောက်ပံ့မှုနည်းလမ်း ညွှန်ကြားချက်ဖြေလျော့မှုများကို မည်သည့်အဆင့်အထိ လျှော့ပေးနိုင် ပါမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။