(ဂ)-စက်သုံးဆီအရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်တို့ အခုဆိုရင် စက်မှုလက်မှုလုပ်ငန်းတွေလည်းတိုးတက်နေတယ်။ ဒီဟာတွေအတွက် တိုးတက်အောင်လည်း ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်နေတယ်။ ဒီလိုဖြစ်နေတဲ့အခါမှာ စက်သုံးဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေနဲ့ ပုဂ္ဂလိကဆိုင်တွေ ဖွင့်ပေးပြီးတဲ့အခါကျတော့ ရောင်းချပေးနေတာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လို့ စက်သုံးဆီပေးတဲ့ ဒီဇယ်ဈေးနှုန်းက ရန်ကုန်ကနေပြီးတော့ မြို့ကြီးတွေနဲ့ နယ်နဲ့ကွာဟမှု သိပ်မကွာပါဘူး။ အများဆုံးကွာရင် ၁၀၀၊ ၂၀၀။ အောက်တိန်းကလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် ဓာတ်ဆီမှာကျတော့ အစိုးရဈေးနှုန်းက ၂၅၀၀ ကျပ် တစ်ဂါလံကို နယ်တွေမှာကျတော့ ၄၂၀၀ ကျပ်၊ ၄၃၀၀ ကျပ် ဒီလိုအထိအောင်ဖြစ်ပါတယ်။ ဒီအပိုင်းမှာလည်း ပုဂ္ဂလိကဆိုင်တွေကို ကျွန်တော်တို့ ချပေးလိုက်တာ ပုဂ္ဂလိကဆိုင်အနေနဲ့လည်း ဆိုင်ကြီးတွေ နယ်တွေမှာတွေ့နေပါပြီ။ ဒါပေမယ့်လို့ တကယ်လိုအပ်တဲ့၊ သုံးစွဲသူလိုအပ်ချက် ပြည့်မီအောင် မပေးနိုင်တဲ့အပိုင်းဖြစ်နေပါတယ်။ ဒါတွေကိုလည်း နောက်ထပ် နယ်မြို့တွေမှာ ချောမွေ့စွာပေးနိုင်အောင်လို့ နောက်ထပ်ဆိုင်တွေကို လွယ်လွယ်ကူကူနဲ့ တိုးချဲ့ပြီးတော့ ပေးနိုင်မှုအတွက် ကျွန်တော်ဒီဟာကို မေးမြန်းခြင်းဖြစ်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီဆိုင်တွေ ဖွင့်ဖို့အတွက်တင်တဲ့ အခါမှာလည်း အခက်အခဲလေးတွေ တော်တော်များများတွေ့ရတယ်လို့ ဆိုပါတယ်။ ကျွန်တော် သိသလောက် ဆိုင်အနေနဲ့ကလည်း ကျွန်တော်လေ့လာလို့ရသလောက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ သူများနိုင်ငံတွေထက်စာရင် ဆိုင်ဖွင့်ပေးတဲ့ ပုဂ္ဂလိကဆိုင်အရေအတွက်က အများကြီးကို နည်းပါးသေးတာ ကျွန်တော်တွေ့ရပါတယ်။ အဲဒါကြောင့်မို့လို့ ခုကျွန်တော် ဒီမေးတဲ့မေးခွန်းက ယခုအခါမှာ ပုဂ္ဂလိကရောင်းချနေသောဓာတ်ဆီနဲ့၊ ဒီဇယ်ဆိုင်များ ပေါ်ပေါက် လာခဲ့သော်လည်း၊ ဓာတ်ဆီဝယ်ယူလိုသည့် ကားများမှာ ယခင်စနစ်ဟောင်း ကာလကဲ့သို့ ခွဲတမ်းစနစ်ဖြင့် သတ်မှတ်အရေအတွက်ကိုသာ ဝယ်ယူနေရဆဲဖြစ်နေသည်ကို တွေ့ရှိနေရပါတယ်။ ယခုအခါ နိုင်ငံတော်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးရန်အရှိန်ယူဆဲကာလတွင် ပုဂ္ဂလိကစွမ်းအင် အရောင်းဆိုင်များမှ ပြည်သူများအတွက် ဈေးကွက်တောင်းဆိုသည့် ဝယ်လိုအားအတိုင်း လွတ်လပ်စွာ ဝယ်ယူရရှိရန် အထူးလိုအပ်ပါတယ်။ အထူးသဖြင့် စီးပွားရေး မြို့တော်ကြီးများ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာနဲ့ အခြားမြို့ကြီးများတွင် စီးပွားရေးလုပ်ငန်း အခြေချလုပ်ကိုင်နေကြရာ လောင်စာဆီလိုအပ်ချက် မြင့်မားနေမည်သာဖြစ်ပါတယ်။ ထို့အပြင် ပြည်တွင်းတွင် ချက်လုပ်သည့် ဓာတ်ဆီပမာဏဖြင့် နိုင်ငံ၏ နေ့စဉ်လိုအပ်ချက်ကို ပြည့်မီအောင်ရောင်းချပေးနိုင်ရန်အတွက် အောက်ပါမေးခွန်းသုံးခုကို ကျွန်တော် မေးပါမယ်။ (၁) စွမ်းအင်အရောင်းဆိုင်များကို မြို့တိုင်းတွင် ပြိုင်ဆိုင်ရောင်းချနိုင်ရေးအတွက် တိုးချဲ့ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါသလား။ (၂)မရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးနိုင်ပါမည်လဲ။ (၃) မဆောင်ရွက်နိုင်ပါက အဘယ့်ကြောင့်ပါလဲဆိုသည်ကို မေးမြန်းပါသည်။