(က)-မိုင်းဖြတ်မြို့တွင် ဒေသခံပြည်သူများကိုအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
မိုင်းဖြတ်မြို့သည် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သွားရာ ပြည်ထောင်စုလမ်းမကြီး၏အလယ်ဗဟိုတွင် တည်ရှိသောခရိုင်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် လက်လုပ်လက်စားဦးရေမှာ မြို့နယ် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။ ပထဝီဝင်အနေအထားအရ လယ်ယာများကိုသာအားထားရ ပြီးလုပ်ကိုင်စားသောက်ရတဲ့အတွက် စီးပွားရေးလုပ်ငန်းအထိုက် အလျောက်လေးသာ အဆင်ပြေမှုရှိ ခဲ့ပါတယ်။
မိုင်းဖြတ်မြို့ရဲ့ တောတောင်သဘာဝရေမြေကပေးတဲ့ အနေ အထားမှာ ပြည်သူလူထုမဆောင်ရွက်နိုင်တဲ့ ဓာတ်သတ္တုများ၊ ကျောက်မီးသွေးများ၊ အဖိုးတန်ရွှေများ၊ သစ်လုပ်ငန်းများအများအပြားရှိပါတယ်။ ဖော်ပြပါလုပ်ငန်းများကို ပြင်ပကုမ္ပဏီကြီး ၅ ခုမှ စက်ယန္တရားကြီးများဖြင့် တရားဝင်အပြိုင်အဆိုင်ဝင်ရောက်လုပ်ကိုင်လျက်ရှိပါတယ်။ ဒေသခံပြည်သူ များအနေနဲ့ ၎င်းတို့ရဲ့ကုမ္ပဏီအလုပ်အကိုင်များ လုပ်ကိုင်ခွင့်အခွင့်အလမ်းများမရရှိခဲ့ပါ။ သဘာဝ တောတောင်ရေမြေပတ်ဝန်းကျင်များ နေ့စဉ်နဲ့အမျှထိခိုက်နေပါတယ်။ နောင်တွင် ရာသီဥတု အပြောင်းအလဲများပါ ကြုံလာနိုင်ဖွယ်ရာရှိပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါ ယနေ့ ဒီအချိန်၊ ဒီကာလမှာ ယထာဘူတကျတဲ့ဖြစ်စဉ်များကို ရေရှည်နောင်လာနောင်သားများအထိ မည်ကဲ့သို့ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်းအစီအမံများရှိ၊ မရှိနှင့်လုပ်ငန်းရှင်ကုမ္ပဏီကြီးများရဲ့အကျိုး၊ ဒေသခံ ပြည်သူများရဲ့အကျိုးသဟဇာတဖြစ်အောင် မည်ကဲ့သို့စီမံဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။