(က)-မြင်းခြံ-တောင်သာလမ်းပိုင်း တောင်သာချောင်းပေါ်တွင် တံတားတစ်စင်းဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်း သည့်မေးခွန်း
တောင်သာ ချောင်းဟာ မြင်းခြံ-တောင်သာ-မိတ္ထီလာ-နေပြည်တော်-ရန်ကုန် သွားလမ်းပေါ်မှာ လည်းကောင်း၊ မြင်းခြံ-တောင်သာ-ပုပ္ပါး-ကျောက်ပန်းတောင်း-မကွေး-ပြည် သွားလမ်းပေါ်မှာ လည်းကောင်း၊ တောင်သာ-မြင်းခြံ-နွားထိုးကြီး-မြစ်သား-ကျောက်ဆည်-မန္တလေး သွား ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ ချောင်းတစ်ခုဖြစ်ပါတယ်။ ရန်ကုန်မှ မိုင်တိုင်အမှတ် ၄၄၃/၂ မြေပုံညွှန်း ၈၄/အို/၇ပီ ၈၃၆၈၄၃ တွင် တည်ရှိတဲ့ တောင်သာချောင်းဟာ အကျယ်မှာ ၆၄၀ ပေရှိပါတယ်။ မိုးရာသီရေစီးများချိန်မှာ ရေအနက် ၅ ပေခန့်ရှိပါတယ်။ ကွန်ကရစ်ရေကျော်လည်း ပေ ၃၀၀ ခန့် ဆောက်လုပ်ထားပါတယ်။ တောင်သာ ချောင်းရေကျော်ရဲ့အထက်ဘက်မှာ တောင်သာဆည်တည်ဆောက်ထားပြီး ဆည်ရေပြည့်ချိန်မှာ ပိုလျှံရေကို Spill Way မှ ချောင်းအတွင်း ပြန်လွှတ်၍လည်းကောင်း၊ လယ်ယာမြေများရေပေးရန် ပင်မရေပေးမြောင်း Main Canal အဖြစ် မူလချောင်းရေကို မူလချောင်းကို အသုံးပြုထား၍ လည်းကောင်း ၁၂ လရာသီ ရေပြတ်တယ်လို့မရှိပါဘူး။ ဒါကြောင့် ယာဉ်များဖြတ်သန်းသွားလာမှု ခက်ခဲလျက်ရှိပါတယ်။ မြင်းခြံမြို့ရှိ အမှတ် ၄ သံမဏိစက်ရုံမှ ကုန်ကြမ်း၊ ကုန်ချောတင်ယာဉ်ကြီးများ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်စိမ်းနဲ့ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်တဲ့ မိတ္ထီလာ-ပခုက္ကူ- မြင်းခြံ-တောင်သာ-ကျောက်ပန်းတောင်းဒေသတို့မှ ယာဉ်အစီး ၁၀၀ ခန့်မှာ ချောင်းရေများချိန် ဖြတ်သန်း သွားလာနိုင်မှုမရှိဘဲ မြို့တွင်း၊ မြို့ပြင်တို့မှာ တစ်ရက်မှသည် တစ်ခါတစ်ရံ နှစ်ရက်ခန့် ရပ်နား စောင့်ဆိုင်းရမှုကြောင့် ယာဉ်ကြောယာယီပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ တင်ပြပါအခက်အခဲများကြောင့် တောင်သာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဘဦးအောင်သောင်းအနေနဲ့ လူကူးချောင်းကူးတံတားတစ်ခုကို ငွေကျပ် သိန်း ၁၅၀ အကုန်အကျခံပြီး ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီလည်းဖြစ်ကြောင်းတင်ပြလိုပါတယ်။ နိုင်ငံတော်အနေနဲ့ မော်တော်ကားများ ရာသီမရွေးဖြတ်သန်းနိုင်ရန် သင့်တော်တဲ့တံတားတစ်စင်း အမြန်တည်ဆောက် ပေးခြင်းဖြင့် ယာဉ်များအခက်အခဲမရှိ ဖြတ်သန်းသွားလာနိုင်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းစေခြင်း အပြင် အချိန်နဲ့တစ်ပြေးညီ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မယ် ဖြစ်တဲ့အတွက် တောင်သာချောင်းကူးတံတားတည်ဆောက်ရန်အစီအစဉ် ရှိ၊ မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။