(ခ)-သိန္နီမှ ချင်းရွှေဟော်အထိ လမ်းပိုင်းကို အဆင့်မြှင့်တင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
၎င်းလမ်းပိုင်း သည် အရှည် ၆၈ မိုင်ခန့်ရှိပြီး အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လမ်းပိုင်းဖြစ်ကြောင်း သိရှိရပါတယ်။ သိန္နီမြို့မှ နမ့်ဆလပ်ရွာအထိ လမ်းပိုင်းသည် အတော်အသင့် ကောင်းမွန်သော်လည်း ကျန်တဲ့လမ်းပိုင်းမှာ တောတောင်ထူထပ်၍လည်းကောင်း၊ သဲသောင်များ မကြာခဏပြိုကျ၍လည်းကောင်း၊ အေးရှားဝေါလ်ကုမ္ပဏီသည် အခက်အခဲများကြားမှ အနစ်နာခံပြီး ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုပါလမ်းကြောင်းသည် ကျွန်တော်တို့ “ဝ”ဒေသ၊ ကိုးကန့်ဒေသနှင့် ကွမ်းလုံခရိုင်တို့၏ အဓိကအသက်သွေးကြောလမ်းကြောင်းဖြစ်တဲ့အပြင် တရုတ်ပြည်နဲ့လည်း အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းတစ်ကြောင်း ဖြစ်ပါတယ်။ သို့ရာတွင် နမ့်ဆလပ်ရွာနဲ့ ကွမ်းလုံမြို့အကြား လမ်းပိုင်းသည် သဲတောင်များကိုဖြတ်၍ လမ်းဖောက်လုပ်ထားသောကြောင့် မိုးရာသီတွင် သဲတောင်များပြိုကျ၍ လမ်းပိတ်ဆို့မှုများမကြာခဏကြုံတွေ့နေရပါတယ်။ တောတောင် ထူထပ်၍ လမ်းအကွေ့အကောက်များတဲ့အတွက် ကားတိုက်မှု၊ ကားတိမ်းမှောက်မှုလည်း ကြုံတွေ့နေရ ပါတယ်။ သို့ဖြစ်ပါ၍ ၎င်းအခက်အခဲများကို ကျော်လွှားနိုင်ရန် သိန္နီမြို့မှ ချင်းရွှေဟော်မြို့အထိ ဆက်သွယ်ထားသောလမ်းပိုင်းကို လမ်းအကျယ်ချဲ့ပြီး ပိုမိုကောင်းမွန်သော အဆင့်မြင့်လမ်းအဖြစ် နိုင်ငံတော်အစိုးရမှ ပြုလုပ်ပေးနိုင်မည့်အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။