(ဃ)-စိုက်ပျိုးရေ အပြည့်အဝ ပေးနိုင်ခြင်းမရှိသော လျှပ်စစ်မြစ်ရေတင် စီမံကိန်းများရှိပါသလား၊ ရှိပါက မည်ကဲ့သို့ ဆက်လက်ပြုပြင် ဆောင်ရွက်သွားမည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
စိုက်ပျိုးရေအပြည့်အဝ ပေးနိုင်ခြင်းမရှိသော လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ ရှိပါသလား၊ ရှိပါက မည်ကဲ့သို့ဆက်လက်ပြုပြင်ဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းအား ဦးသောင်းဟန် (ယင်းမာပင်မဲဆန္ဒနယ်)မှ မေးမြန်းရာတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ ရေတင်ပက်မောင်းနှင်ချိန်များတွင် လျှပ်စစ်ဓာတ် အားပုံမှန်ဖြန့်ဖြူးပေးခြင်းများ လျှော့ချခြင်း၊ ဖြတ်တောက်မှုများပြုလုပ်ပြီး ဓာတ်အား ပြည့် ပို့လွှတ်နိုင်အောင် ဆောင်ရွက်ခဲ့ကြတဲ့အတွက် လျှပ်စစ်ဓာတ်အားဖြတ်တောက်ခံရတဲ့ လုပ်ငန်းရှင် များ၊ ဓာတ်အားသုံးပြည်သူများ မကျေနပ်မှုနဲ့ စိတ်ညစ်ညူးမှုများ ရှိနေသည်ကို ကြုံတွေ့နေရပါကြောင်း၊ ထိုပြင် လျှပ်စစ်ဗို့အား မပြည့်မီ၍သော်လည်းကောင်း၊ ဓာတ်အားလုံးဝ ပြတ်တောက်၍ လည်းကောင်း တောင်သူများ ရေရရှိရေး အစီအစဉ်များ ကမောက်ကမဖြစ်ပြီး အချိန်ကုန်သည်သာမက လုပ်ငန်းအစီအမံများ ပျက်ပြီး စိတ်ညစ်ညူးခဲ့ကြရသည်များလည်း ကြုံတွေ့နေရပါကြောင်း၊ ထို့အတွက်ကြောင့် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်သည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ၏ စီမံကိန်းတစ်ခုချင်း အလိုက် အသုံးပြုရန်လိုအပ်သော လျှပ်စစ်ဓာတ်အားများအပြည့်အဝ မရရှိသဖြင့် မူလမြစ်ရေ တင်စီမံကိန်း၏ မူလရည်မှန်းချက်သီးနှံ ပုံစံအရ စိုက်ပျိုးရေအပြည့်အဝ ပေးဝေနိုင်ခြင်းမရှိသည့် လျှပ်စစ် မြစ်ရေတင်စီမံကိန်းများ ရှိ/မရှိ သိရှိလိုပါကြောင်း၊ ရှိပါက ယင်းစီမံကိန်းများအား မည်ကဲ့သို့ဆက်လက်ပြုပြင် ဆောင်ရွက်သွားမည်ကို စီမံကိန်းတစ်ခုချင်းအလိုက် သိရှိလိုပါကြောင်း မေးမြန်းသွားပါသည်။