(ခ)-တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များ၏ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများအား အင်္ဂါစဉ် အမည်စာရင်းတွင် မည်သည့်အတွက်ကြောင့် ထည့်သွင်းခြင်း မပြုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှာ ထုတ်ဝေတဲ့ ရုံးလုပ်ငန်းလက်စွဲစာအုပ်မှာ အရေးကြီးပုဂ္ဂိုလ်များရဲ့ အင်္ဂါစဉ်အမည်များကို ဖော်ပြ ထားတာတွေ့ရှိရပါတယ်။ အဆိုပါအင်္ဂါစဉ်အမည်စာရင်းမှာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့ရဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ စာရင်းလည်းပါဝင်သည်ကို တွေ့ရှိရပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများနဲ့ ဒုတိယဥက္ကဋ္ဌများရဲ့ အင်္ဂါစဉ်အမည်စာရင်းကတော့ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။ သို့ပါ၍ အောက်ပါမေးခွန်းများကို လေးစားစွာ မေးမြန်းအပ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများနဲ့ ဒုတိယဥက္ကဋ္ဌများဟာ အဆိုပါအင်္ဂါစဉ်အမည်စာရင်းမှာ မည်သည့် အတွက်ကြောင့် ထည့်သွင်းခြင်းမပြုသည်ကို သိရှိလိုပါတယ်။ အင်္ဂါစဉ်အမည်စာရင်းမှာ ထည့်သွင်း မည်ဆိုပါကလည်း မည်သည့်အဆင့်တွင် ရှိသည်ကို သိရှိလိုပါကြောင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရဲ့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌများကိုလည်း အင်္ဂါစဉ်အမည် စာရင်းမှာ ထည့်သွင်းဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။