(ဂ)-ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ ရဒေသအတွင်း ကျေးရွာများ မီးလင်းနိုင်စေရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

 

ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဟာ ခေတ်အဆက်ဆက်စဉ်ဆက်မပြတ် တည်ငြိမ်အေးချမ်းသော အဖြူရောင်နယ်မြေဖြစ် ပါတယ်။ ဒေသတွင်းနေ ဓနုလူမျိုးများအပါအဝင် တိုင်းရင်းသားများအားလုံးဟာလည်း မိရိုးဖလာ တောင်ယာလုပ်ငန်းများအပါအဝင် သမရိုးကျစိုက်ပျိုးရေးကိုသာ အဓိကထား၍ အသက်မွေး ဝမ်းကျောင်းပြုကြသူများဖြစ်ပါတယ်။ သို့ဖြစ်သည့်အားလျော်စွာ ဓနုဒေသအတွင်းမှာ ချမ်းသာသူဟူ၍ မရှိသလောက်ရှားပါးပါတယ်။ ၉၀ ရာခိုင်နှုန်းခန့်သော လူဦးရေမှာ နေ့လုပ်နေ့စား ဆင်းရဲနွမ်းပါး သူများဖြစ်ကြပါတယ်။ နိုင်ငံတော်မှ ဓနုဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၁၆ ကေဗွီဓာတ်အား လိုင်းကို ကလောဓာတ်အားခွဲရုံမှ ပေးနေတာမျိုးအထိလည်းကောင်း၊ ၃၃ ကေဗွီဓာတ်အားလိုင်းကို ပင်းတယမြို့မှ ရွာငံမြို့အထိလည်းကောင်းသွယ်တန်းပေးခဲ့ရာ ယခုအခါပြီးစီးသလောက် ဖြစ်နေပြီ ဖြစ်နေပါတယ်။ နိုင်ငံတော်ဓာတ်အားလိုင်းမှ ယခုကဲ့သို့ ဖြန့်ဝေပေးသည့်အတွက်လည်း ဒေသခံ ပြည်သူများအနေဖြင့် စိုက်ထူထားသော ဓာတ်မီးတိုင်များကိုကြည့်ပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်လာ တော့မည့် အခြေအနေကိုတွေးမိပြီး ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြပါတယ်။ နိုင်ငံတော်အားလည်း ကျေးဇူးတင်မဆုံးဖြစ်လျက်ရှိကြပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၃၃ ကေဗွီ ဓာတ်အားလိုင်းမှတဖန် မိမိတို့ကျေးရွာအသီးသီးသို့ ဓာတ်အားရောက်ရှိရေးအတွက်မှာမူ ဆင်းရဲနွမ်းပါးသူများဖြစ်ကြသည့် ဒေသဖြစ်သည့်အလျောက် ကိုယ်ထူကိုယ်ထဖြစ်နိုင်စွမ်းမရှိကြပါ။ ဓာတ်မီးတိုင်များအောက်တွင် မရှူနိုင်၊ မရှိုက်နိုင်ရင်မောနေကြရပါတယ်။ သို့ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးရွာ များ လျှပ်စစ်ဓာတ်အားရရှိအသုံးပြုစေရေးအတွက် (၁) နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ။ (၂) ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ဥပမာ ဂျပန်နိုင်ငံ JICA ကဲ့သို့ အဖွဲ့အစည်း များ၏ အထောက်အပံ့အဖြစ်လည်းကောင်း သို့မဟုတ်ပါက ၎င်းအဖွဲ့အစည်းများထံမှ နှစ်ရှည်ချေးငွေ များကို အတိုးနည်းနည်းဖြင့်ချေးငှားရယူ၍လည်းကောင်း အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့်အစီအစဉ်ရှိ၊ မရှိ။ (၃) နိုင်ငံတော်မှ နှစ်ရှည်ချေးငွေများကို အတိုးနည်းနည်းဖြင့် ချေးငှားပေးပြီးနောက်မှ အရစ်ကျပြန်လည်ပေးဆပ်နိုင်သည့်စနစ်ဖြင့် ဆောင်ရွက် ပေးနိုင်သည့် အစီအစဉ် ရှိ၊ မရှိ။ (၄) ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များအား BOT စနစ်ဖြင့် ဆောင်ရွက်စေရန် အစီအစဉ်ရှိ၊မရှိ။ (၅) အကယ်၍ အထက်ပါအစီအစဉ်များနှင့်ပတ်သက်၍ မရှိသေးပါဟုဆိုပါက ဓနုဒေသအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဓနုဒေသဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတော်မှ မည်သို့မည်ပုံဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို သိလိုပါသဖြင့် မေးမြန်းပါသည်။