(ဃ)-လျှပ်စစ်မီးလုံလောက်စွာရရှိနိုင်စေရန် လိုအပ်သောလျှပ်စစ်ဓာတ်အားကို ပြည်ပမှ ဝယ်ယူပြီး ပြည်တွင်းတွင်ဖြန့်ဖြူးရောင်းချရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
လျှပ်စစ်မီးရရှိရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် အထူးအရေးကြီးတဲ့ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက်လိုအပ်တဲ့ လျှပ်စစ်မီးလိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုနဲ့သာဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးများကိုဆောင်ရွက်ရာမှာ နှောင့်နှေး ကြန့်ကြာမှုများဖြစ်နိုင်ပါတယ်။ ဒီလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်စေဖို့အတွက် ပြည်တွင်းလျှပ်စစ်မီးလုံလောက်စွာရရှိရန် ပြည်ပမှလျှပ်စစ်မီး ဝယ်ယူ၍ ပြည်တွင်းမှာပြန်လည်ဖြန့်ဖြူးရောင်းချခြင်းမျိုးဆောင်ရွက်သင့်တယ်လို့ ထင်မြင်မိပါတယ်။ အိမ်နီးချင်း နိုင်ငံများမှာလည်း ဒီလိုဆောင်ရွက်မှုမျိုးများရှိပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းလျှပ်စစ်မီးလုံလောက်စွာရရှိစေရန် လိုအပ်သောလျှပ်စစ်ဓာတ်အားကို ပြည်ပမှဝယ်ယူပြီး ပြည်တွင်းမှာဖြန့်ဖြူးရောင်းချရန် ပြည်ထောင်စုအစိုးရတွင် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။