(စ)-နတ်တလင်း-တာပွန် ဂဝံလမ်းအား ပြန်လည်ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်း ဒေသကြီးအနောက်ပိုင်း နတ်တလင်းမြို့၏ အနောက်ဘက် ၈ မိုင်၊ ၆ ဖာလုံခွဲအရှည်ရှိလမ်းကို လွတ်လပ်ရေးမရခင် ကာလအတွင်းက ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ လွတ်လပ်ရေးရရှိပြီး ဖဆပလ အစိုးရလက်ထက် ၁၉၅၉-၁၉၆၀ ခုနှစ်တွင် District Council လက်ထက်မှာ ကတ္တရာလမ်းအဖြစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း တော်လှန်ရေးကောင်စီ အစိုးရနှင့် နိုင်ငံတော်ကောင်စီအစိုးရလက်ထက်တွင် ပြုပြင်မှုရှိသော်လည်း ထိန်းသိမ်းမှုအားနည်းခဲ့ ပါတယ်။ လမ်းအနေဖြင့်လည်း နတ်တလင်းမှ တာပွန်အထိ အသုံးမပြုနိုင်သည်အထိ ပျက်စီးခဲ့ပါတယ်။ ၁၉၈၉-၁၉၉၀ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ဂဝံကျောက်လမ်းအဖြစ် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ပျက်စီးယိုယွင်းသွားပြီး သွားလာရေးအခက်အခဲများကြောင့် နေ့စဉ်အသုံးပြုနေသော ကျေးလက် ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲများနှင့်ကြုံတွေ့ရခြင်းနှင့် ကုန်စည်စီးဆင်းမှုကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်များ မလိုအပ်ဘဲကြီးလေးခြင်းစသည်တို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် အများ ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အကျိုးငှာလည်းကောင်း ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် နတ်တလင်း-တာပွန်လမ်း ဂဝံကျောက်လမ်းပျက် အစား ယခင်ကတ္တရာလမ်းအဖြစ် ပြန်လည် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်။ အစီအစဉ်မရှိပါက မည်သည့် အကြောင်းကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။