(ခ)-မောင်တောခရိုင်ရှိ ဒေသခံပြည်သူများ ပြည်ပအလုပ်အကိုင်သွားရောက် လုပ်ကိုင်ခွင့်ရရှိရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

 ရခိုင်ပြည်နယ်၊  မောင်တောခရိုင်အတွင်းရှိ ပြည်ထောင်စုဖွားဒေသခံမြန်မာမွတ်စလင်ပြည်သူများသည် များသောအားဖြင့် ပညာမဲ့များ၊ အလုပ်လက်မဲ့များနှင့် ဆင်းရဲနွမ်းပါးသူများဖြစ်ပါသဖြင့် အခက်အခဲမျိုးစုံ နှင့် ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ယနေ့အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ဆင်းရဲနွမ်းပါးမှုများပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေပါသဖြင့် ၎င်းဒေသရှိ ပြည်ထောင်စုဖွားမဲဆန္ဒရှင်ပြည်သူများအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပအလုပ်အကိုင်များ သွားရောက်လုပ်ကိုင်ခွင့်ရရှိရေး ဖန်တီးပေးနိုင်မည်ဆိုပါက နိုင်ငံတော် အတွက်တစ်ဖက်တစ်လမ်းမှ အခွန်ဘဏ္ဍာငွေများ ရရှိနိုင်မည်ဖြစ်ပြီး ယင်းဒေသရှိ ပြည်ထောင်စုဖွား ဒေသခံမဲဆန္ဒရှင်ပြည်သူများအတွက်လည်းအကျိုးဖြစ်ထွန်းလာမည့်အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပြဋ္ဌာန်းထားသည့် နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် ရပိုင်ခွင့်များကိုလည်း ဖြည့်ဆည်း ပေးရာရောက်ပါတယ်။ ကျွန်တော် ဖြည့်စွက်တင်ပြလိုသည်မှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က မောင်တော ခရိုင်မှလှေစီးရွှေ့ပြောင်းလုပ်သားအများအပြား တရားမဝင်ရေကြောင်းခရီးဖြင့်သွားကြ၍ အခြားနိုင်ငံ များသို့ရောက်ရှိခဲ့ပါတယ်။ ယင်းနိုင်ငံများက လှေစီးရွှေ့ပြောင်းလုပ်သားများကို တလွဲအသုံးချကာ  ကျွန်တော်တို့တိုင်းပြည်ကို နိုင်ငံရေးအရ သိက္ခာကျအောင်လုပ်ခဲ့သည်ကို သတိရမိပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟုပင် စွပ်စွဲခဲ့ပါတယ်။ နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်အကိုင်များ တရားဝင်သွားရောက်လုပ်ကိုင်ခွင့်ရရှိပါက အုပ်ချုပ်ရေးပိုင်းမှာလည်း ကောင်းမွန် လာပြီး ဒေသခံပြည်သူများ၏ မိသားစုဘဝလည်းပြေလည်လာမှာဖြစ်ပြီး လူနေသိပ်သည်းမှုလျော့နည်း စေမှာဖြစ်ကြောင်းရိုးသားစွာယုံကြည်မိပါတယ်။ ကျွန်တော် မေးမြန်းလိုသည့်မေးခွန်းမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ပြည်ထောင်စုဖွားဒေသခံပြည်သူများသည်ပညာရေးနိမ့်ကျပြီး လူနေထူထပ် ၍အလုပ်လက်မဲ့များပြားလွန်းသည့်အပြင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ခွင့်လည်းမရရှိသဖြင့် ယင်းဒေသတွင်ပြဿနာအခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရပါတယ်။ ပြည်ပအလုပ်အကိုင်များသွားရောက် လုပ်ကိုင်ခွင့်မရရှိသည်ကို နိုင်ငံတော်အစိုးရအနေဖြင့် သိရှိခြင်း ရှိ၊ မရှိ နှင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။