(ဇ)-ရခိုင်ပြည်နယ်ရေထွက်ပစ္စည်းများကို အခွန်နှစ်ထပ်ပေးဆောင်နေရခြင်းမှ ကင်းလွတ်ခွင့်ပြုရန်နှင့် စပ်လျဉ်း သည့်မေးခွန်း
ရခိုင်ပြည်နယ်မြို့နယ်များကနေပြီးတော့ ရေထွက်ပစ္စည်းများအပေါ်မှာ အခွန်နှစ်ရပ်ကောက်ခံ နေခြင်းကို ကင်းလွတ်ခွင့်ပြုနိုင်ဖို့အတွက် တင်ပြသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှာ ရေလုပ်ငန်းရှင်များဟာ ငါးလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်ပြီးတော့ ဝယ်ယူစုဆောင်းခွင့် လိုင်စင် အဖြစ် ရေထွက်ပစ္စည်းများကို စုဆောင်းကာ သံတွဲမှတစ်ဆင့် လေကြောင်းခရီးဖြင့်လည်းကောင်း၊ တောင်ကုတ်မှတစ်ဆင့် ကုန်းလမ်းခရီးဖြင့်လည်းကောင်း ရန်ကုန်မြို့ရှိ စက်ရုံများ၊ ကုမ္ပဏီများသို့ ပို့ဆောင်လျက်ရှိပါတယ်။ အဲဒီစက်ရုံများနဲ့ ကုမ္ပဏီများကလည်း ကျသင့်သော အခွန်အခများကို ထပ်မံပေးဆောင်ပြီး ရန်ကုန်နှင့် အခြားမြို့များသို့ ဆက်လက်ရောင်းချကြရပါတယ်။ ထိုသို့ ရခိုင်ပြည်နယ်မှ ထွက်ရှိတဲ့ ရေထွက်ပစ္စည်းများကို ပို့ဆောင်ရာမှာ ရေလုပ်ငန်းရှင်များဟာ (၁) ကုန်သွယ်လုပ်ငန်းခွန်၊ (၂) ဝင်ငွေခွန်၊ အမြတ်ခွန်နှစ်ရပ်လုံးကို သက်ဆိုင်ရာမြို့နယ်ရုံးများမှာ ပေးဆောင်နေကြရပါ၍ အမြတ်အစွန်းမကျန်သလောက်ဖြစ်ပြီး ငွေကုန်လူပန်းဖြစ်ကာ မိအေးနှစ်ခါနာ ဘဝကို ရောက်ရှိနေကြပါတယ်ခင်ဗျား။ ယခုကဲ့သို့ အခွန်နှစ်ရပ် ပေးဆောင်နေရခြင်းဟာ ရခိုင် ပြည်နယ်တစ်ခုတည်း၌သာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကဲ့သို့ ရေလုပ်ငန်းလုပ်နေတဲ့ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ အခွန်တစ်ရပ်သာပေးဆောင်ရကြောင်း မေးမြန်းစုံစမ်းသိရှိရပါ တယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ လေ့လာသိရှိရသလောက် တင်ပြရမယ်ဆိုရင် ကျွန်တော်တို့အမြဲတမ်းလို ပြောဆိုနေကြတဲ့လောကပါလတရားမှာလည်းပါပါတယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်းနဲ့ တရားမျှတခြင်း ဆိုတာရှိပါတယ်။ အင်္ဂလိပ်လိုတော့ Liberty, Equality, Eternal Principle of Justice ဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၉၊ အပိုဒ် (ဂ) မှာလည်း နိုင်ငံတော်သီချင်းမှာ ဒါကို ထည့်သွင်းဖော်ပြထားတာတွေရှိပါ တယ်။ အဲဒီမှာကို ကျွန်တော်တို့ နိုင်ငံတော်သီချင်းမှာဆိုလို့ရှိရင် ဌာန်ကရိုဏ်း ကျကျမဆိုတတ်တော့ ဖတ်ပြပါမယ်။ တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ၊ တို့ပြည် တို့မြေ၊ များလူခပ်သိမ်းငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ၊ တို့ပြည်တို့မြေ၊ ပြည်ထောင်စုအမွေ၊ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ။ ဆိုပြီးတော့မှ ကမ္ဘာမကျေ၊ မြန်မာပြည်ဆိုပြီးတော့ နောက်ဆုံးဘိတ်မှာတော့ ဒို့တာဝန်ပေ အဖိုးတန်မြေဆိုပြီးတော့ အဆုံးသတ်ပါတယ်။ အဲဒါ ကျောင်သားကလေးတွေ ကျောင်း တက်တိုင်းဆိုနေကြတဲ့ နိုင်ငံတော်သီချင်းဖြစ်ပါတယ်။ အဲဒီနိုင်ငံတော်သီချင်းထဲမှာကိုက တရားမျှ တခြင်း၊ လွတ်လပ်ခြင်းနဲ့ ခွင့်တူညီမျှဆိုတာပါရှိနေပါပြီ။ ရေလုပ်ငန်းရှင်တိုင်း ခွင့်တူညီမျှ ရကြရမှာ ဧကန်မလွဲဖြစ်ပါတယ်။ အခုတော့ မတူကွဲပြားပါတီနာမည်ကို ပြောတာမဟုတ်ပါဘူး။ တန်းတူညီမျှ မဖြစ်ဘူး။ မတူဘူး။ တစ်သီးတစ်ခြားဖြစ်နေတယ်ဆိုတာကို ဆိုလိုတာပါ။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အခုကျွန်တော်တို့ ပါတီစုံပါဝင်တဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးမှာ ပြည်နယ်၊ ပြည်မ ခွဲခြားခြင်း၊ လူမျိုးခွဲခြားခြင်းလည်းမရှိပါဘူး။ ဝါဒစွဲ၊ ပါတီစွဲလည်းမရှိကြတော့ပါဘူး။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ ၃၄၉ မှာလည်း နိုင်ငံသားတိုင်း တူညီသော အခွင့်အလမ်းများရှိကြောင်းကို အပိုဒ်(ဂ)နှင့်(ဃ)တို့မှာ ဖော်ပြထားပြီးပါပြီ။ အခုအချိန်အခါမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကလည်း ပြည်ပပို့ ကုန်တိုးမြှင့်ရေးကို အားပေးသည့်အနေဖြင့် ကင်းလွတ်ခွင့်ပြုရာမှာ ရေချို၊ ရေငန် ရေထွက်ပစ္စည်း များပါ ပြည်ပပို့ကုန်ခုနစ်မျိုးကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရေလုပ်ငန်းရှင်ပြည်သူများအတွက် အခြားပြည်နယ်/ တိုင်း ဒေသကြီးများနည်းတူ ရေထွက်ပစ္စည်းများအပေါ် အခွန်တစ်ရပ်သာကောက်ခံပေးပါရန် မေးမြန်းပါသည်။