(ဈ)-ထန်တလန်မြို့အား နယ်စပ်ကုန်သွယ်ရေးမြို့အဖြစ် သတ်မှတ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ်သည် အိန္ဒိယနဲ့တစ်ဆက်တည်းသော ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ဤကဲ့သို့ နယ်စပ်ပြည်နယ်ဖြစ်သည့်အားလျော်စွာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍသည် ဆင်းရဲ နွမ်းပါးသော ချင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သော အဓိကအချက် ဖြစ်ပါတယ်ရှင်။ ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့ ချင်းတိုင်းရင်းသားတို့သည် ဒေသထွက်သယံဇာတ ပစ္စည်းများမရှိသည့်အတွက် ချင်းတိုင်းရင်းသားတို့သည် နယ်စပ်ကုန်သွယ်ရေးကိုပဲအားကိုးပြီး စောင့်မျှော်နေကြပါတယ်ရှင်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို နယ်စပ်ကုန်သွယ်ရေးနေရာအဖြစ် သတ်မှတ်ပေးနိုင်ပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ ဆင်းရဲနွမ်းပါးသော ချင်းပြည်နယ်အတွက်လည်းကောင်း၊ ထန်တလန်မြို့နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက်လည်းကောင်း အဓိကအထောက်အကူပြုနိုင်မည်ဟု ယူဆမိပါတယ်။ ယခုအခါ လူသွားလမ်းများကို အထူးပြုပြီး ကျေးရွာများမှ ဖောက်လုပ်ထားသော ကိုယ်ထူကိုယ်ထကားလမ်းများဖြင့် အိန္ဒိယပြည်နယ်နှင့် ဆက်သွယ်နေကြပါတယ်။ သို့ဖြစ်ပါ၍ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အား နယ်စပ်ကုန်သွယ်ရေး မြို့အင်္ဂါနှင့်အညီ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်ပါသည်ဟု ယူဆမိပါတယ်။ သို့ဖြစ်ပါ၍ကျွန်မမေးမြန်းလိုတာကတော့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အား နယ်စပ်ကုန်သွယ်ရေး
မြို့အဖြစ် သတ်မှတ်ပေးပြီး လိုအပ်သောလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပြုလုပ်ပေး နိုင်ရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းပါသည်။