(ဆ)-၂၀၁၂ခုနှစ်၊ ဩဂုတ်လမှစ၍သတ်မှတ်ထားသော ချင်းတွင်းဌာနခွဲ၏ ကုန်တင်ခနှုန်းထားအား မြစ်ဝကျွန်းပေါ် ဌာနခွဲနှင့်နှုန်းထားတန်းတူသတ်မှတ်နိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော် အစိုးရအနေနဲ့ နယ်စပ်ဒေသ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ၈၇ မြို့ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ၁၀၉ မြို့နယ်သို့ လည်းကောင်း မူရင်းလစာရဲ့တစ်ဆတိုးမြှင့်ပေးခဲ့ပြီးတော့ ခံစား စေခဲ့ပါတယ်။ ထိုသို့ ခံစားပေးခဲ့ရာမှာ အထက်ချင်းတွင်းဒေသဖြစ်တဲ့ ဟုမ္မလင်း၊ ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များလည်းပဲပါဝင်ခဲ့ပါတယ်။ ထိုသို့ခံစားခွင့်ပြုရာတွင် အထက်ချင်းတွင်းဒေသမှာ နေထိုင်တဲ့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့အတွက် ဤမေးခွန်းကို မေးမြန်းခြင်းဖြစ်ပါတယ်။ အထက် ချင်းတွင်းမှာ ကုန်တင်ကုန်ချ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကုန်သည်လုပ်ငန်းများဆောင်ရွက်နေတဲ့ ပြည်သူလူထုနဲ့သက်ဆိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၏ ကုန်တင်နှုန်းထားတန်းတူဖြစ်သင့်တယ်လို့ ယူဆပါတယ်။ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးရဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှာ သတ်မှတ်ထားတဲ့ ချင်းတွင်းဌာနခွဲရဲ့ ကုန်တင် နှုန်းထားဟာ မြစ်ဝကျွန်းပေါ်ဌာနခွဲထက် နှစ်ဆကြီးမြင့်နေသည်ကိုတွေ့ရပါတယ်။ ဥပမာအားဖြင့် အထွေထွေကုန်နှင့် သစ်ပရိဘောဂအတွက်တစ်တန် တစ်မိုင်နှုန်းကို ရန်ကုန်-ပုသိမ်၊ ရန်ကုန်- မြောင်းမြမှာ ၃၈ ကျပ်နှုန်း ရန်ကုန်-ကျုံမငေး၊ ရန်ကုန်-ဘိုကလေး အမြန်ကုန်ခမှာ ၄၀ နှုန်း၊ ရန်ကုန်- ပြည် အမြန်လမ်းအတွက်ကုန်တင်ကုန်ချမှာ ၃၅ ကျပ်နှုန်း၊ မုံရွာ-ကလေးဝ-ဟုမ္မလင်း-ခန္တီးအတွက် ၇၂ ကျပ်နှုန်း သတ်မှတ်ထားတာကိုတွေ့ရပါတယ်။ အထွေထွေကုန်ပစ္စည်းအတွက် ပိဿာ ၁၀၀ လျှင် တစ်မိုင်နှုန်းအတွက် ရန်ကုန်-ပုသိမ်လမ်းမှာ ၆ ကျပ် ၁၅ ပြား၊ ရန်ကုန်-ကျုံမငေး၊ ရန်ကုန်-ဘိုကလေး အမြန်ကုန်တင်ခအတွက် ၆ ကျပ် ၄၅ ပြား၊ ရန်ကုန်-ပြည် ကုန်တင်ခ ၅ ကျပ် ၆၅ ပြား နှင့် မုံရွာ-ဟုမ္မလင်း-ခန္တီးအတွက် ၁၁ ကျပ် ၆၀ ပြား သတ်မှတ်ထားတာကို တွေ့ရပါတယ်။ ထို့အတူ သုံးတန် အောက်မော်တော်ယာဉ် တစ်မိုင်တင်နှုန်း အနေနဲ့ ရန်ကန်-ပုသိမ် မှာ ၇၆ ကျပ၊် ရန်ကုန်-ကျုံမငေး၊ ရန်ကုန်-ဘိုကလေးမှာ ၈၀ ကျပ်၊ ရန်ကုန်-ပြည်မှာ ၇၀ ကျပ်ဖြစ်ပြီးတော့မှ မုံရွာ-ခန္တီး-ဟုမ္မလင်းကို ၁၄၄ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို အောက်ပါမေးခွန်း ၂ ခု ကို မေးမြန်းလိုပါသည်-
(က)ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ မြစ်ဝကျွန်းပေါ်ဌာနခွဲနှင့် ချင်းတွင်းဌာနခွဲ၊ ကုန်တင်ခ နှုန်းထားတန်းတူ သတ်မှတ်ပေးနိုင်ခြင်းရှိ၊ မရှိ။
(ခ ) တန်းတူမသတ်မှတ်ပေးနိုင်ပါက အဘယ်ကြောင့်ဖြစ်သည်ကို အထက်ချင်းတွင်းမှာ နေထိုင်သော ပြည်သူလူထုကိုယ်စား မေးမြန်းပါသည်။