(ဂ)-နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိသော B.E ဘွဲ့ပညာမမီ၍ ကျောင်းထွက် သွားရသော A.G.T.I ဘွဲ့ရသည့် ကျောင်းသား/ကျောင်းသူများအား မည်သို့စီစဉ်ဆောင်ရွက်ထားသည် နှင့်စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်သည် တစ်မျိုးသားလုံး၏ ပညာရည်မြင့်မားရေးနှင့် ကျွမ်းကျင်သော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နည်းပညာရှင်များ ပေါ်ထွန်းစေရေးအတွက် အဆင့်မြင့်ပညာမူဝါဒများတွင် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ သိပံ်ပနှင့်နည်းပညာဝန်ကြီး ဌာနသည်လည်း နိုင်ငံတော်အတွက် တိုးတက်ပြောင်းလဲလာသည့် သိပံ်ပနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှချမှတ်ထားသော ထောင်စုနှစ်၏ ရည်မှန်းချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံများပေါင်းစည်း အကောင် အထည်ဖော်ဆောင်ရွက်သည့်အချိန်၌ လိုအပ်လာမည့် နည်းပညာရှင်များ၊ အတတ်ပညာရှင်များ အဆင်သင့်ရှိနေစေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးရေးမူဝါဒများ ချမှတ်ပေးထားပါသည်။ ဒေသတစ်ခုချင်း တိုးတက်ဖွံ့ဖြိုးမှုရရှိစေရန်နှင့် မြို့ပြ၊ ကျေးလက်၊ ပြည်နယ်၊ ပြည်မမကွာဟစေဘဲ အဆင့်မြင့်ပညာများ သင်ယူခွင့်ရရှိစေရန်ဆိုသော ရည်မှန်းချက်များအရ တိုင်းနှင့်ပြည်နယ်အနှံ့တွင် တက္ကသိုလ်များ၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားပေးခြင်းကြောင့် မိဘပြည်သူအားလုံးက ဝမ်းသာ လျက်ရှိပါတယ်။
နိုင်ငံတော်၏ ပညာရေးစနစ်တွင် စက်မှုကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါတယ်။ စက်မှုတက္ကသိုလ်ပညာရေးဟာ ကျောင်းသား ကျောင်းသူများနှင့် မိဘများက တက္ကသိုလ်ဝင်တန်းပညာရေးကတည်းက အင်နဲ့အားနဲ့ ရည်မှန်းချက် ကြီးစွာဖြင့် အဆိုပါပညာရေးကို အားထားခဲ့ကြပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ စက်မှု တက္ကသိုလ်အတွက် ပေါင်းကူးပေးသော နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများသည် ပထမနှစ်အောင်မြင်ခြင်း၊ ဒုတိယနှစ်အောင်မြင်ခြင်းတွင် B-Tech မမီသောကြောင့် A.G.T.I ဘဲှ့ဖြင့် ကျောင်းထွက်သွားကြရပါတယ်။ အချို့မှာ ရိုးရိုးတက္ကသိုလ်ဘွဲ့ရယူ၍ ကျောင်းပြင်ပသို့ ရောက်ရှိသွားကြပါတယ်။
ကျောင်းသူကျောင်းသားများနှင့် မိဘများက စက်မှု တက္ကသိုလ် B.E ဘွဲ့ကို မျှော်လင့်ချက်ကြီးစွာဖြင့် ရည်မှန်းချက်ထားခဲ့သော်လည်း B-Tech မမီလို့ ကျောင်းပြင်ပသို့ ရောက်သွားခဲ့ခြင်းဖြင့် မိဘများနှင့် ကျောင်းသူ ကျောင်းသားများမှ စိတ်မချမ်းမြေ့ ဖွယ်ရာခံစားရပါတယ်။ သို့ဖြစ်ပါ၍ စိတ်လေလွင့်မှုဖြင့် ပြင်ပသို့ ကျောင်းထွက်သွားကြသော ကျောင်းသားကျောင်းသူများ၏ အကျိုးအလို့ငှာ အောက်ပါကြယ်ပွင့်ပြမေးခွန်းများ ကို မေးမြန်းရ ခြင်းဖြစ်ပါတယ်။
မေးခွန်း(၁) နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားပြီး A.G.T.I ဘဲှ့ဖြင့် ကျောင်းထွက် သွားသော ကျောင်းသားကျောင်းသူများအား B.E ပညာသင်ကြားခွင့်ရရှိရေးအတွက် မည်သို့စီမံ ဆောင်ရွက်ထားပါသနည်း။ မေးခွန်း(၂) စက်မှုတက္ကသိုလ်ပညာသင်ကြားနိုင်ရန်အတွက် မည်သည့် အချိန်၊ မည်သည့်ကာလတွင် ဆောက်ရွက်ပေးရန် အစီအမံရှိပါသနည်း မေးမြန်းပါသည်။