(င)-စမုံ ရေထိန်းတမံ၏ လက်ဝဲမြောင်း တစ်လျှောက် တပ်ဆင်ထားသော ရေထုတ်ပြွန် ရေတံခါးများနှင့် DY မြောင်း ပျက်စီးကျိုးပြတ်နေမှုနှင့် ပတ်သက်ပြီး ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-23

သာစည်မြို့နယ် စမုံရေထိန်းတမံရဲ့ လက်ဝဲမြောင်းတစ်လျှောက် တပ်ဆင်ထားတဲ့ ရေထုတ်ပြွန် တံခါးများနှင့် DY မြောင်း ပျက်စီးကျိုးပြတ်နေတာနှင့်ပတ်သက်ပြီး ပြုပြင်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးမြန်းမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စမုံရေထိန်း တမံ ဟာသာစည်မြို့ရဲ့ အရှေ့မြောက်ဘက် ၁၀ မိုင် ကျော်အကွာမှာတည်ရှိပါတယ်။ စမုံချောင်းအတွင်း စီးဆင်းရေများသာမက သာစည်မြို့နယ်ရဲ့အရှေ့ဘက် တောင်တန်းဆီမှ တောင်ကျရေများကိုပါ စုစည်း သိုလှောင်ရာရေထိန်းတမံဖြစ်ပါတယ်။ လက်ဝဲမြောင်း၊ လက်ယာမြောင်းများမှတစ်ဆင့် သာစည် မြို့နယ်အတွင်းရှိ ကျေးရွာတချို့နှင့်ဝမ်းတွင်းမြို့နယ်အတွက် စိုက်ပျိုးရေပေးဝေနိုင်ပါတယ်။ စမုံလက်ဝဲ မြောင်းတစ်လျှောက်မှာ တောင်သူများအား စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ရေထုတ်ပြွန် ၁၁ ခုရှိပါ တယ်။ အဆိုပါ ရေထုတ်ပြွန်များမှာ ရေတံခါးရွက်များတပ်ဆင်ထားကြောင်း သိရှိရပါတယ်။ ရေထုတ်ပြွန် ၁၁ ခုအနက် အမှတ်(၂)၊ (၃)၊ (၅)၊ (၆)၊ (၇)၊ (၈) စတဲ့ ရေထုတ်ပြွန်များဟာ ရေမြောင်း အတွင်း ရေမျက်နှာပြင်ရဲ့အထက်မှာ တည်ဆောက်ထားခြင်းကို တွေ့ရှိရပါတယ်။ ရေထုတ်ပြွန်ဟာ ရေမျက်နှာပြင်ရဲ့အထက်မှာ ရောက်နေတဲ့အတွက် ရေမထွက်နိုင်ဘဲ လယ်မြေများသို့ ရေပေးလို့ မရ ကြောင်း အဆိုပါရေထုတ်ပြွန်အနီး ရေမျက်နှာပြင်မီတဲ့နေရာမှ နောက်ထပ်အကူပြွန်များတပ်ပြီး ရေယူ ရတယ်လို့သိရပါတယ်။ အကူပြွန်ဖြစ်တော့ စိုက်ပျိုးရေလိုတဲ့အချိန်မှာ လိုသလောက်ရေကို အချိန်မီမရ နိုင်ဘဲ ကြန့်ကြာမှုရှိပါတယ်။ အဆိုပါရေထုတ်ပြွန် ရေတံခါးများဟာ စတင်တည်ဆောက်တပ်ဆင်ချိန် ကတည်းက ယခုအချိန်အထိ ရေထုတ်လို့မရနိုင်တဲ့အတွက် မည်သည့်အတွက်ကြောင့် တပ်ဆင် ထားခြင်းကို နားမလည်နိုင်ကြောင်း ဒေသခံတောင်သူများက ပြောကြပါတယ်။ ဒါ့အပြင် လက်ဝဲမြောင်း ပေါ်မှ DY  လက်လွှဲမြောင်းမှာတော့ ရေထိန်းတံခါး ရွက်တပ်ဆင်ထားခြင်းမရှိပါ။ ရေထိန်းတံခါးရွက် တပ်ဆင်ထားခြင်းမရှိတဲ့အတွက် မိုးရွာရေများ၊ တမံမှရေထုတ်လွှတ်လိုက်တဲ့ရေများ အဆမတန် လျှံကျ စီးဆင်းမှုကြောင့် အဆိုပါ DY လက်လွှဲမြောင်းမှာ မကြာခဏ ကျိုးကျလေ့ရှိပြီး ထိုသို့ ကျိုးပြတ်တဲ့ နေရာကို ဒေသခံတောင်သူများက ပြန်လည်ဆည်ဖို့ရပါတယ်။ သို့ဖြစ်ပါ၍ သာစည်မြို့နယ် စမုံရေထိန်းတမံရဲ့ လက်ဝဲမြောင်းတစ်လျှောက် တပ်ဆင်ထားသော ရေထုတ်ပြွန်ရေတံခါးများနှင့် DY မြောင်း ပျက်စီးကျိုးပြတ်နေမှုများအား စနစ်တကျ ပြုပြင်ပေးရန်အစီအစဉ်ရှိ၊မရှိ သိလိုသည့်အတွက် မေးမြန်းပါသည်။