(ဃ)-ကန်ဘက်ကျေးရွာအုပ်စုတွင်တိုက်နယ်ဆေးရုံအသစ်ဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-23

ကန်ဘက်ကျေးရွာအုပ်စုဟာ လပွတ္တာမြို့နယ်၊ အရှေ့တောင်ဘက်ရွေးမြစ်နဲ့ ပြန်မလော့မြစ်ကြားမှာ တည်ရှိပြီးတော့ လပွတ္တာမြို့အနီးဆုံးဆေးရုံတွေနဲ့လည်း ၁၅ မိုင်လောက်ဝေးပါတယ်။ ရာသီဥတု သာယာပါက လပွတ္တာမြို့ကိုရေယာဉ်များဖြင့် သုံးနာရီလောက်သွားရပြီး လှိုင်းလေကြမ်းတမ်းပါက ငါးနာရီ၊ ခြောက်နာရီလောက်သွားရတဲ့ ဒေသလည်းဖြစ်ပါတယ်။ ကန်ဘက်ကျေးရွာအုပ်စုကို ကျေးရွာအုပ်စု၊ ကျေးရွာအုပ်စုကြီးပေါင်း ၁၃ စုနဲ့ဝိုင်းရံထားပြီးတော့ ကန်ဘက်ကျေးရွာအုပ်စုမှာကတော့ ရပ်ကွက်ငါးခု၊ ကျေးရွာခွဲပေါင်း ၁၅ ခုနဲ့ တည်ဆောက်ထားပါတယ်။ အိမ်ထောင်စု ၂၀၀၀ ခန့်ရှိပြီး၊ လူဦးရေ ၁၀၀၀၀ ခန့်ရှိပါတယ်။ ကန်ဘက်ကျေးရွာမှာ ပညာရေးအတွက် စာစစ်ဌာနရှိတဲ့ အထက်တန်းကျောင်းရှိပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း (ဃ) အဆင့်ရှိတဲ့ ရဲတပ်ဖွဲ့စခန်းလည်းရှိပါတယ်။ ကျေးလက်မီးလင်းရေး အတွက် စပါးခွံလောင်စာသုံးမီးစက်တစ်လုံးနှင့် 2C ဒီဇယ်အင်ဂျင်သုံးမီးစက်နှစ်လုံး မီတာစနစ်နဲ့ နေ့တစ်ကြိမ်၊ ညတစ်ကြိမ် မီးပေးထားတဲ့လျှပ်စစ်မီးလည်း ကျေးလက်မီးလင်းရေးအတွက်ဆောင်ရွက် ထားပါတယ်။ ကျန်းမာရေးအတွက် ကျေးလက်ကျန်းမာရေးဌာနတစ်ခုရှိပြီး၊ ပြင်ပဆရာဝန်တစ်ဦး လည်းရှိပါတယ်။ ကန်ဘက်ကျေးရွာရဲ့ ကျေးလက်ကျန်းမာရေးဌာနကိုတော့ ၁၉၅၄ ခုနှစ်ကတည်းက ဖွင့်လှစ်ထားပြီး ယနေ့ဆိုလျှင် ၅၇ နှစ်သက်တမ်းရှိပါပြီဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့         ၂၁-၁၁-၁၉၈၈ ရက်စွဲပါစာအမှတ်၊၂၀/၉ခ(ည)၈၈(၂၄၄) နဲ့တိုက်နယ်ဆေးရုံအဆောက်အဦဆောက်လုပ်    ခွင့်ပြုထားတယ်လို့လည်းသိရတဲ့အတွက် အဲဒီအချိန်တည်းကစပြီး၊ ကိုယ်ထူကိုယ်ထ တိုက်နယ်ဆေးရုံအဆင့် အဆောက်အဦများကို (ကျား) လူနာဆောင်၊ (မ) လူနာဆောင်၊ ရုံးခန်း၊ ခွဲစိတ်ခန်းဆောင်စသည်ဖြင့် ဆောက်လုပ်ပြီးစီးပြီဖြစ်ပါတယ်။

ကန်ဘက်ကျေးရွာ၊ ကျေးလက်ကျန်းမာရေး ဌာနကို ဆေးရုံအဆောက်အဦဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦရှိပြီးသား ဖြစ်တဲ့အတွက် တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင်‌့တင်ပေးနိုင်ပါရန်နဲ့ ဦးစားပေးဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းပါသည်။