(ဂ)-ကျိုက်ထိုဘူတာရှိ အဆောက်အဦများနှင်‌့ ရထားလမ်းဖြတ် ခုံးကျော်တံတားများ အဆင့်မြှင့်ပြုပြင် ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ကျိုက်ထိုမြို့နယ်ဟာ ထင်ပေါ်ကျော်ကြားလှတဲ့ ကျိုက်ထီးရိုး စေတီတော်နဲ့  ထင်ပေါ်ကျော်ကြားလှတဲ့ ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားရှိတဲ့အတွက် ခရီးသွား လာရေး အလွန်များပြားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကျိုက်ထီးရိုးဘုရားဖူးဧည့်သည်ဟာ မနှစ်ကဆိုလို့ ရှိရင် ၁၅ သိန်းလောက် ကျိုက်ထိုမြို့ကို ရောက်ရှိဘုရားဖူးခဲ့ပါတယ်။ ကျိုက်ထိုဘူတာရုံကနေတစ်ဆင့် ရထားနဲ့သွားလာတဲ့ ခရီးသည်အပေါင်းက တစ်သိန်းခွဲလောက်ရှိပါတယ်။ ကျိုက်ထိုဘူတာရဲ့ ခရီးသွား ဝန်ဆောင်ဝင်ငွေဟာ မနှစ်က ဘူတာရဲ့မှတ်တမ်းအရ ၇၅၅ သိန်း ရရှိပါတယ်။ ပစ္စည်းပို့ဆောင်ရေး ကနေပြီးတော့ ကိုးသိန်းခန့်ရရှိတယ်လို့ လေ့လာသိရပါတယ်။ သို့သော် ကျိုက်ထိုဘူတာရုံဟာ ကျိုက်ထိုမြို့ ခရီးသွားမြို့အဆင့်အတန်းနဲ့ဆိုလို့ရှိရင် ဥပဓိရုပ်ရော၊ အဆင့်အတန်းရော ကွာခြားလျက် ရှိပါတယ်။ ထိုနည်းတူ အဲဒီဘူတာရုံကို ဆက်သွယ်ထားတဲ့ ခုံးကျော်တံတားဟာ  ၁၂၅ ပေ ရှည်လျား ပြီးတော့ ၆ ပေ ကျယ်ပါတယ်။ အခင်းဟာ သစ်သားတွေ ဖြစ်တဲ့အတွက် ဆွေးမြေ့နေပါပြီ။ ဒါကြောင့် အဲဒီကျိုက်ထိုမြို့ အင်္ဂါနဲ့ညီတဲ့ ဘူတာရုံအဆောက်အဦများကို အဆင့်မြှင့်ပြုပြင်ဖို့နဲ့ ခုံးကျော်တံတားကို အဆင့်မြှင့်ပြုပြင်ဖို့ ရှိ၊ မရှိမေးမြန်းပါသည်။