(က)-ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ်စက်ရုံတွင် သွားရောက် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်မေးခွန်း
ကျွန်တော်တို့ ကော်မတီ အနေနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများ အပြည့် အဝရရှိဖို့အတွက် ပြည်သူတွေရဲ့ တင်ပြချက်တွေအပေါ် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးမှုတွေကို နေ့စဉ် ဆောင်ရွက်ပေးနေတဲ့အပြင် ကော်မတီကိုတင်ပြခြင်းမရှိသော်လည်းဘဲ ပြည်သူများအတွင်းပေါ်ပေါက် နေတဲ့ဖြစ်စဉ် ဖြစ်ရပ်တွေပေါ်မူတည်ပြီး မိမိတို့နိုင်ငံသားများရဲ့ အခွင့်အရေးတွေ မဆုံးရှုံးရအောင် လေ့လာပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ သွားရောက်နေကြတဲ့ မိမိနိုင်ငံသားတွေရဲ့ အခွင့်အရေး တွေရရှိစေဖို့အတွက်လည်းပဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာလည်း နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ် သမားများအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ရည်ရွယ်ပြီး နိုင်ငံတော်အနေနဲ့ Labour Migration Policy ချမှတ်ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ အဆိုပြုတင်ပြပြီး သြဂုတ်လ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ ဆွေးနွေးအတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေနဲ့လည်း မြန်မာနိုင်ငံသား အလုပ် သမားများအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုမရှိစေရေးအတွက် Labour Migration Policy ရေးဆွဲဖို့အတွက် ဆောင်ရွက်လျက်ရှိနေကြောင်းသိရတဲ့အပြင် Labour Migration Policy ရေးဆွဲနေဆဲကာလမှာလည်း ပြည်ပနိုင်ငံတွေမှာရှိနေကြတဲ့ အလုပ်သမားတွေအတွက် ဝန်ကြီးဌာနများ ညှိနှိုင်းပေါင်းစပ်ပြီး ဖြေရှင်းဆောင်ရွက်ပေးနေမှုများအတွက် ကျွန်တော်တို့ အားလုံးဝမ်းမြောက်ဂုဏ် ယူလျက်ရှိကြောင်းကိုလည်း ဦးစွာပြောကြားလိုပါတယ်။ နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေအတွက် နိုင်ငံတော်အစိုးရက အလေးထားဖြေရှင်းပေးနေစဉ်ကာလ အတွင်းမှာပဲ ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ်စက်ရုံမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၁၃၀၀ ခန့်ကလုပ်ခ၊ လစာတိုးမြှင့်ပေးရေး၊ လူသားချင်းတန်းတူညီမျှ အဆင့်အတန်းမခွဲဘဲဆက်ဆံရေးစတဲ့ အလုပ်သမားအခွင့်အရေးများကို တောင်းဆိုဆန္ဒပြခဲ့တယ်ဆိုတဲ့ သတင်းကိုလည်းပဲ ကြားသိခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစတင် ဆန္ဒပြခဲ့ ကြပြီး မတ်လ ၂ ရက်နေ့မှာတော့ အလုပ်ရှင်ဘက်က အလုပ်ပြန်ဆင်းဖို့အတွက် အတင်းအကြပ်ခေါ် ယူရာကနေပြီး မြန်မာအမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရမှုရှိကြောင်း၊ ဂျော်ဒန်နိုင်ငံမှာ မြန်မာနိုင်ငံ ဆိုင်ရာသံရုံးမရှိတဲ့အတွက် မြန်မာအလုပ်သမားများအနေနဲ့ ပေါ်ပေါက်လာနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အခက်အခဲရှိနေကြကြောင်းကိုလည်းကြားသိရပါတယ်။ မြန်မာအလုပ်သမားများအနေနဲ့ နိုင်ငံရပ်ခြားကို နည်းလမ်းအမျိုးမျိုးနဲ့ သွားရောက်လုပ်ကိုင်လျက်ရှိနေကြတဲ့နေရာမှာ ဘယ်နည်းလမ်း နဲ့ပဲ သွားရောက်လုပ်ကိုင်သည်ဖြစ်စေ အခွင့်အရေးဆုံးရှုံးမှုတွေအတွက် နိုင်ငံတော်မှ အလေးထား ဆောင်ရွက်လျက်ရှိနေကြောင်းကိုလည်းပဲ ကျွန်တော့်အနေနဲ့ယုံကြည်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဂျော်ဒန်နိုင်ငံလို မြန်မာနိုင်ငံသံရုံးမရှိသေးတဲ့နိုင်ငံမှာ ဖြစ်ပွားနေမှုတွေအတွက် သွားရောက်လုပ်ကိုင် လျက်ရှိနေကြတဲ့ မြန်မာတိုင်းရင်းသားများရဲ့ မိဘ၊ ဆွေးမျိုး၊ မိတ်ဆွေတွေအနေနဲ့ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ်စက်ရုံမှာ ဖြစ်ပွား နေဆဲဖြစ်သော အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားတောင်းဆိုမှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါကြယ်ပွင့်ပြမေးခွန်းများအား မေးမြန်းလိုပါကြောင်း တင်ပြ အပ်ပါတယ်။
(က) ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ်စက်ရုံမှာ ဖြစ်ပွားနေဆဲဖြစ်သော မြန်မာ နိုင်ငံအလုပ်သမားများနှင့် အလုပ်ရှင်တို့ရဲ့ အငြင်းပွားတောင်းဆိုမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက ဖြေရှင်းပေးမှုရှိပါသလား။
(ခ ) ဖြေရှင်းပေးမှုရှိပါက မည်သို့ဖြေရှင်းဆောင်ရွက်ပေးနေပါသလဲ။
(ဂ ) နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအတွက် ရသင့် ရထိုက်သော အခွင့်အရေးများရရှိစေရေးအတွက် ရေးဆွဲနေတဲ့ Labour Migration Policy နှင့်ပတ်သက်ပြီး တိုးတက်မှုအခြေအနေကိုလည်း သိလိုပါကြောင်း မေးမြန်းပါသည်။