(ဃ)-ရန်ကုန်-ပြည် အမြန်ရထားအား ပြေးဆွဲနေကျ တစ်ကြိမ်အစား အနည်းဆုံးတစ်နေ့ နှစ်ကြိမ်ပြေးဆွဲပေးရန် နှင့်စပ်လျဉ်းသည့်မေးခွန်း
ဦးဝင်းမြင့်(ပြည်မဲဆန္ဒနယ်)
ပဲခူးတိုင်း ဒေသကြီးဟာ မြို့နယ် ၂၈ မြို့နယ်ရှိပြီး အရှေ့ ၁၄ မြို့နယ်၊ အနောက် ၁၄ မြို့နယ်ဆိုပြီးတော့ ပဲခူး ရိုးမကြီးဟာ အလယ်က ခွဲခြားကာဆီးထားတဲ့အတွက် အရှေ့နဲ့အနောက်သွားဖို့ရာအတွက် ရန်ကုန်ကို ဆင်းပြီးမှ ပြန်တက်သွားလာနေရပါတယ်။ ဒါကြောင့် ယခင်အစိုးရလက်ထက်က ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီးတော့ ခွဲခြားပြီးတော့ ကျွန်တော်တို့ ပြည်မြို့က ပဲခူးတိုင်းအနောက်ပိုင်း တိုင်းခွဲ ရုံးစိုက်ကာ အုပ်ချုပ်ရေးကိစ္စ၊ တရားစီရင်ရေးကိစ္စ၊ ဌာနဆိုင်ရာကိစ္စများဆောင်ရွက်ခဲ့ကြရပါတယ်။ ယခုအခါ မှာ တိုင်းရုံးကို ပဲခူးမြို့တစ်ခုတည်း သတ်မှတ်လိုက်တဲ့အတွက် အနောက်ပိုင်းမြို့နယ်များရှိတဲ့ အစိုးရဝန်ထမ်းများ၊ အများပြည်သူများဟာ တိုင်းရုံးစိုက်ရာ ပဲခူးမြို့ကိုသွားလာရတဲ့အခါမှာ ပြည်မှ ရန်ကုန်သို့ မိုင် ၂၀၀ ခရီးကို ရန်ကုန်-ပြည် မီးရထားဖြင့် သွားပြီးတော့ ရန်ကုန်မှ ပဲခူးကို ခရီးဆက်ကြ ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်မြို့ဟာ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ ဖြတ်သန်းသွားလာရာ ဆုံချက်နေရာကျသော မြို့ကြီးတစ်မြို့ဖြစ်ပြီး ကားလမ်း၊ ရထားလမ်း၊ ရေလမ်းတို့ဖြင့် ခရီးသွားရာ ဥဒဟိုသွားလာကြရတဲ့ အချက်အချာကျတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ကုန်သည်ပွဲစားများနဲ့ ကူးသန်းရောင်းဝယ်စည်ကားတဲ့မြို့လည်းဖြစ်ပါတယ်။ ပြည်မြို့မှာ အလျား ၄၅၀၀ ပေ၊ အကျယ် ၃၅၀၀ ပေရှိတဲ့ လေယာဉ်ကွင်းတစ်ခုရှိပြီးတော့ ဖော်ကာ F- 27 လေယာဉ်များအထိ ဆင်းသက်နိုင်အောင် ၁၉၆၉ ခုနှစ်က လေယာဉ်ကွင်းကို တိုးချဲ့ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ခရီးသည်တင်လေယာဉ် အဆင်းအတက်ပေးခြင်းမရှိခဲ့တဲ့အတွက် ခရီးသွား အများပြည်သူများဟာ လေကြောင်းကို အသုံးပြုခွင့်မရခဲ့ကြဘဲ ကုန်းလမ်း၊ ရထားလမ်းကိုသာ အားထားအသုံးပြုနေရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်-ပြည်မီးရထားလမ်းဟာ ပဲခူးရိုးမ အနောက်ပိုင်းမှာ တစ်ခုတည်းသော မီးရထားလမ်းဖြစ်ပြီး တိုးတက်လာတဲ့ လူဦးရေကြောင့် ရထားခရီး သွားလာသော ခရီးသည်များ နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာနေပါတယ်။ သို့ရာတွင် ရန်ကုန်-ပြည်အမြန်ရထားဟာ တစ်နေ့လျှင် တစ်ကြိမ်သာ ပြေးဆွဲနေပါသဖြင့် ခရီးသည်နဲ့ နေရာအခက်အခဲများ လွန်စွာပင်မျှတခြင်းမရှိ ဖြစ်နေပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်-ပြည် အမြန် ရထားအား ပြေးဆွဲနေကျတစ်ကြိမ်အစား အနည်းဆုံးတစ်နေ့နှစ်ကြိမ် ပြေးဆွဲပေးပါရန် အစီအစဉ်ရှိ၊မရှိ မေးမြန်းပါသည်။