(င)-ရေပိုလွှဲမြောင်းများ တည်ဆောက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မိုးမိတ်မြို့မှ ၁၂ မိုင်ဝေးကွာသော ပုသိမ်ကျေးရွာအုပ်စု အပိုင်း ရေတံခွန်ချောင်းသည် ကွင်းပေါင်း ကိုးကွင်း၊ တောင်သူလယ်သမား ၁၈၂ ဦး၊ လယ်ယာမြေဧက ၈၆၃.၆၃ ဧကအား လှည်းအဆည်ကိုအသုံးပြုပြီး စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါတယ်။ အဆိုပါ ရေတံခွန် ချောင်းဟာ မိုးကုတ်မြို့နယ်မှအစပြုပြီး ကျောက်မျက်တူးဖော်ခြင်း၊ ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် ကနယ်ရေများအဖြစ်စီးဆင်းကာ ရေတံခွန်ချောင်းသို့ စီးဝင်ခဲ့ပါတယ်။ မိုးများသောကာလများမှာ ယင်းကနယ်ရေများဖြင့် ၂၀၀၁-၂၀၀၂ စိုက်ပျိုးရာသီမှ ၂၀၀၇-၂၀၀၈ ခုနှစ်၊ စိုက်ပျိုးရာသီအထိ လယ်မြေဧက ၇၄၃.၄၈ ဧက ကနယ်ရေဖုံးလွှမ်းမှုကြောင့် ပျက်စီးခဲ့ကြပါတယ်။ ယနေ့တိုင်ထိလည်း ပျက်စီးရန်အနေအထားမှာရှိပြီး တောင်သူလယ်သမားများအနေနဲ့ လယ်လုပ်ကိုင်နိုင်သည့်ဧကများ တွင်သာ ရင်တမမဖြင့်လုပ်ကိုင်နေရသည်ကို တွေ့မြင်ရပါတယ်။ အဆိုပါ ရေငုတ်ချောင်းမကြီးမှတစ်ဆင့် ပိန်းချောင်းသို့လည်းကောင်း၊ ယင်းမချောင်းသို့လည်းကောင်း ရေပိုလွှဲဆည်ပြုလုပ်ပေးမည်ဆိုပါက ပုသိမ်ကျေးရွာအုပ်စုနှင့် မကျည်းပင်ကျေးရွာအုပ်စုများမှ လယ်သမား ၁၈၂ ဦး၏ လယ်မြေဧက ၈၆၃.၆၃ ဧကသည် ရာသီမရွေးစိုက်ပျိုးနိုင်မှာဖြစ်သလို ပိန်းချောင်း၊ ယင်းမချောင်းမှတစ်ဆင့် ကောင်ရွာကျေးရွာ၊ ရွှေသည်ကျေးရွာများမှ မြေလွတ်မြေရိုင်းများ ကိုးအင်းဒေသနှင့် နန်းပန်းဒေသ တွင်ရှိ မြေလွတ်၊ မြေရိုင်းများခန့်မှန်းဧက ၃၀၀၀ နှင့် ဧက ၄၀၀၀ မှာ လယ်ယာမြေဖော်ထုတ် နိုင်မှာဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ရေတံခွန်ချောင်းမကြီးအား ရေပိုလွှဲဆောက်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်၊ လယ်ယာ စိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာနမှ ပြည်နယ်ဝန်ကြီးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးအဖွဲ့ဟာလည်း တာဝန်ရှိသူများနှင့်အတူ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ပထမပတ် အတွင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားကြောင်းကိုလည်း သိရပါတယ်။ ဒါကြောင့်မို့လို့ အဆိုပါ ရေတံခွန်ချောင်းမကြီးအား ရေပိုလွှဲဆည်ပြုလုပ်နိုင်ရန် ကျွမ်းကျင်သောပညာရှင်များနှင့် တွက်ချက် ဆောင်ရွက်ပေးနိုင်ပါမည်လား။ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အခြေအနေမျိုးတွင် ဆောင်ရွက် ပေးမည်နည်း။ တွက်ချက်တိုင်းတာပြီးပါက အဆိုပါရေပိုလွှဲဆည်ကို ပြုလုပ်ပေးရန် စီစဉ်ဆောင်ရွက် ပေးနိုင်ပါမည်လား။ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နည်း။ အဆိုပါရေပိုလွှဲဆည် ပြုလုပ်ပြီးပါက ပေါ်ထွက်လာသော မြေလွတ်၊ မြေရိုင်းလယ်မြေများကို စက်ယန္တရားများဖြင့် ကူညီပေးနိုင်ပါမည်ကို သိလိုကြောင်း မေးမြန်းပါသည်။