(စ)-မြစ်မခချောင်းရေကာတာ၊ ရေနုတ်မြောင်းများတူးဖော်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-23
မိုးညိုမြို့နယ်မှာ လယ်မြေဧက ၁၇၆၉၀ ကျော်ဖော်ထုတ်နိုင်ရေးရည်မှန်းပြီး တော့မြစ်မခချောင်း ရေကာတာတည်ဆောက်ခြင်းလုပ်ငန်း ၂၄ မိုင်အား ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်းပဲ ရေနုတ်မြောင်း၊ ရေတံခါးများ တည်ဆောက်ထားခြင်းမရှိပါသဖြင့် ရေကာတာအတွင်းမိုးရေများသိုလှောင်ပြီး လယ်မြေများ၊ လယ်ယာ အင်းများ အခက်အခဲများတွေ့ကြုံရပြီးတော့ စိုက်ပျိုးထုတ်လုပ်မှု၊ သားငါးထုတ်လုပ်မှုအခက်အခဲများ တွေ့ကြုံရပြီး မျှော်မှန်းချက် မအောင်မြင်ဖြစ်နေပါတယ်။ အခက်အခဲများတွေ့ကြုံနေရတဲ့ ပြည်သူများ ကတော့ ကျွန်တော်တို့မိုးညို မြို့နယ်မှာ ၄၂ အုပ်စုရှိသည့်အနက် ၁၁ အုပ်စုရှိပြည်သူများဖြစ်ပါတယ်။ ဒါ့ကြောင့် ၎င်းပြည်သူများ အခက်အခဲမရှိ အဆင်ပြေစေရေးအတွက် ရေနုတ်မြောင်းနှင့် ရေတံခါး တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။