(ခ)-သေဒဏ်ထိုက်သင့်သော ပြစ်မှုအတွက် တရားခံများဘက်မှ လိုက်ပါဆောင်ရွက်ရန် ရှေ့နေ ငှားရမ်းခ စရိတ်အား တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
သေဒဏ်တစ်သက်တစ်ကျွန်းဒဏ်ခံနေရသော စွပ်စွဲခံရသူ တရားခံများအတွက် တရားမျှတမှုရှိစေရန် အတွက် နိုင်ငံတော်ကနေပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ တရားခံတွေအတွက် နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေ ငှားရမ်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ထုချေခွင့်ပေးတယ်။ အဲဒီလို ပေးတဲ့နေရာမှာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ ၁/၂၀၀၁ ညွှန်ကြားချက်အရ ပထမဦးဆုံး ကိုယ်စားလှယ် လွှဲစာတင်တဲ့နေ့မှာဆိုလို့ ရှိရင် ၇၅ ကျပ်သတ်မှတ်ထားပြီးတော့ ကျန်တဲ့ ရုံးချိန်းတိုင်းမှာ ရှေ့နေလိုက်ခအဖြစ် တစ်ချိန်းကို ၅၀ ကျပ်အဖြစ် သတ်မှတ်ထားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ယနေ့အခါမှာဆိုလို့ရှိရင် နိုင်ငံတော်ျကနေပြီးတော့ ရုံးခွန်တံဆိပ်ခေါင်းတွေကို အဆတစ်ရာခန့် တိုးမြှင့်သတ်မှတ်ပေးပြီးလည်း ဖြစ်ပါတယ်။ ယနေ့ တရားခွင်မှာတရားခံများအတွက် လိုက်ပါဆောင်ရွက်ရတဲ့ ရှေ့နေအတွက် ငှားရမ်းခကို ၅၀ ကျပ် သတ်မှတ်ထားခြင်းဟာ ယနေ့ခေတ်ကာလမှာ အလုပ်ကြမ်းသမားများ တစ်နေ့ကို ၃၀၀၀၊ ၅၀၀၀ ရတဲ့အချိန်မှာ တစ်နေ့ရုံးချိန်းအနေနဲ့ ၅၀ ကျပ်ပေးခြင်းဟာ ယနေ့ခေတ် ကာလနဲ့ အလွန်ကွာခြားနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဥပဒေပညာရှင်များအတွက်လည်း ဒီငွေကြေးဟာဆိုလို့ရှိရင် အင်မတန်မှ နည်းပါးနေတဲ့ အတွက် မဖြစ်သင့်မဖြစ်ထိုက်ပါ။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ နိုင်ငံတော် ရှေ့နေချုပ်ရုံးအတွက် က မရှိနွမ်းပါးတရားခံများအတွက် သေဒဏ်တစ်သက်တစ်ကျွန်းဒဏ် ကျခံနေရတဲ့ တရားခံများအတွက် တရားမျှတမှုရှိစေရန် နိုင်ငံတော်ကနေပြီးတော့ ငှားရမ်းပေးတဲ့ ရှေ့နေခကို တိုးမြှင့်သတ်မှတ်ပေးဖို့ အစီအစဉ်ရှိ၊မရှိ သိလိုသည့်အတွက် မေးမြန်းပါသည်။