(ဂ)-ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် မည်သည့် နည်းလမ်းဖြင့် ကူညီ ဆောင်ရွက်ပေးမည်ကို သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ထွက်ရှိသော ကျောက်စိမ်းကျောက်မျက်များကို ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့သို့ ကျောက်စိမ်း ကျောက်မျက်အရိုင်းတုံးများကို သယ်ဆောင်ထားရှိရန် အခွင့်အလမ်းမရှိသည့်အတွက် ဒေသခံ လုပ်ငန်းရှင် ပြည်သူများမှာ အခက်အခဲနဲ့ကြုံတွေ့လျက်ရှိ၍ မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မှသာ လျှင် သယ်ယူသယ်ဆောင်လုပ်ကိုင်ရမည်ကိုသိလိုပါသဖြင့် မေးမြန်းခြင်းဖြစ်ပါတယ်ခင်ဗျား။
မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ အကြီးဆုံးမြို့တော်ဖြစ်ပြီး အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေးဘက်စုံ၊ ကဏ္ဍစုံ၊ ဌာနဆိုင်ရာပေါင်းစုံ၊ ပြည်နယ်ရုံးချုပ် တည်ရှိရာမြို့ဖြစ်သည့်အပြင် မြန်မာ့ကျောက်စိမ်းကျောက်မျက်တူးဖော်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ပြည်နယ်ရုံးချုပ်ရှိသော တည်နေရာမြို့ဖြစ်ပြီး ရထားလမ်း၊ ကားလမ်း၊ လေကြောင်းလမ်းစသည် ပို့ဆောင်ရေးကဏ္ဍများ၏ ရုံးချုပ်တည်ရှိရာမြို့တော်တစ်ခုဖြစ်သည်ကို ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများအားလုံးလည်း သိရှိမည်ဖြစ်သလို ပြည်မကြီးနဲ့ဆက်သွယ်ထားသော ရထားလမ်းမကြီးဆုံးသော ဘူတာကြီးတည်ရှိရာမြို့တော်တစ်ခုဖြစ်သည်ကိုလည်း ကချင်ပြည်နယ် အတွင်းရှိ ဖားကန့်မြို့တွင်ထွက်ရှိသော ကျောက်စိမ်းကျောက်မျက်များကို မြစ်ကြီးနားဘူတာကြီးမှ တစ်ဆင့် သယ်ယူပို့ဆောင်ရန်နှင့် မြစ်ကြီးနားမြို့တော်ရုံးစိုက်နေရာများတွင် သယ်ယူပို့ဆောင် သိုလှောင်စုဆောင်းထားခွင့်မရရှိသဖြင့် ဒေသခံလုပ်ငန်းရှင်ပြည်သူများမှာ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့လျက်ရှိပါတယ်။ သယ်ယူပို့ဆောင်သိုလှောင်စုဆောင်းခွင့် မရသည့်အကြောင်းအရာမှာ မလိခ၊ ဧရာဝတီမြစ်အရှေ့ဘက် နယ်စပ်လမ်းမှတစ်ဆင့် တရုတ်ပြည်ကြီးသို့မှောင်ခိုပို့ဆောင်သည်ဟု အကြောင်းပြသတ်မှတ်၍ဖြစ်ကြောင်းကို သိရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါဟာ လွဲမှားသော အယူအဆတစ်ခုဖြစ်သည်လို့ တင်ပြဆွေးနွေးလိုပါသည်ခင်ဗျား။ လုပ်ငန်းရှင်မှောင်ခိုသမားဆိုသည်မှာ မည်သည့်နိုင်ငံ မည်သည့်ဒေသမဆိုရှိတယ်ဆိုသည်မှာ မိမိနိုင်ငံနှင့်အတူ နိုင်ငံတကာကအသိအမှတ်ပြု ရမည်ဖြစ်သလို မိမိနိုင်ငံအနေနဲ့လည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ယခင် ဆိုရှယ်လစ်အစိုးရ ခေတ်တွင်လည်း ဖားကန့်နယ်မြေဒေသများကို နိုင်ငံတော်အစိုးရအနေဖြင့် တားမြစ်ချက်များမှာ ပစ်ခတ်တားမြစ်သည်အထိ ပိတ်ပင်တားမြစ်သော်လည်း လုပ်ငန်းရှင်မှောင်ခိုသမားများက ထိုင်းနိုင်ငံ အထိ ကြီးမားသောကျောက်စိမ်းကျောက်ရိုင်းတုံးမြောက်မြားစွာကို သယ်ယူပို့ဆောင်ရောင်းချလျက်ရှိ သည်ကိုသိရှိရပါတယ်ခင်ဗျား။ အလားတူ ယခုအချိန်တွင် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့သို့ သယ်ယူခွင့်မရရှိသည့်အတွက် ပိုမို၍မှောင်ခိုသမားများကို အားပေးအားမြှောက်ရာ ရောက်သည်လို့တင်ပြလိုပါတယ်။ သယ်ယူသိုလှောင်စုဆောင်းထားခွင့် မရရှိသည့်အတွက် လုပ်ငန်းရှင်မှောင်ခိုသမားများက မြစ်ကြီးနားမြို့တွင် ရပ်နားသိုလှောင်ထားမည်ဆိုပါက လုံခြုံစိတ်ချမှု မရှိဘူးဟုမှတ်ယူ၍ မရပ်မနားဘဲ ကျင်းထွက်အခွန်ဆောင်ပြီးသား ကျောက်စိမ်းရိုင်းများဖြစ်စေ မဆောင်သောကျောက်စိမ်းရိုင်းများဖြစ်စေ မိမိနိုင်ငံတော်နှင့် ပြည်နယ်သူပြည်နယ်သားများက အကျိုးအမြတ်တစ်စွန်းတစ်စမှ ခံယူခံစားခွင့်လုံးဝမရရှိဘဲ မိမိသိကျွမ်းသောနည်းလမ်းဖြင့် နယ်စပ် လမ်းမှတစ်ဆင့် တစ်ဖက်အိမ်နီးနားချင်းတရုတ်နိုင်ငံနယ်စပ်မြို့များဖြစ်သော ရွှေလီ၊ ဂျန်ခေါင်၊ ရင်ကျန်း၊ ထင်ချုန်းမြို့များသို့ အလျင်အမြန်ပို့ဆောင်ရောင်းချလျက်ရှိသည့်အတွက် တရုတ်ပြည်မကြီး တွင် ကျောက်စိမ်းလုံးဝမထွက်ရှိသည့်နိုင်ငံဖြစ်သော်လည်း ကြီးမားသော ကျောက်စိမ်းအရိုင်းတုံးကြီး များ၊ ကျောက်မျက်တုံးကြီးများမှာ တောင်ပုံရာပုံ ပြသရောင်းချလျက် ရှိသည်ကိုတွေ့ရှိရပါတယ်။ မိမိ ကချင်ပြည်နယ်မှထွက်ရှိသော ကျောက်စိမ်းကျောက်မျက်အရိုင်း တုံးကြီးများနှင့် အချောထည်များကို ဒေသခံကချင်ပြည်နယ်သူ ပြည်နယ်သားများနှင့် မြစ်ကြီးနားမြို့တော်တွင် မှီတင်းနေထိုင်သော လုပ်ငန်းရှင်ပြည်သူလူထု လူငယ်လူရွယ်များမှာ မမြင်ဖူး၊ မတွေ့ဖူးသည့် အနေအထားနဲ့ကြုံတွေ့ လျက်ရှိပါတယ်။ သို့သော်လည်း ယခုအချိန်မှာ ပြည်သူကရွေးချယ်ထားသော သမ္မတကြီးမှ ဦးစီး ဦးဆောင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပေါ်ထွန်းလာသည်နှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့လည်းပေါ်ထွန်းလာ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် မှီတင်းနေထိုင်သော လုပ်ငန်းရှင်ပြည်သူများ၏လိုလားချက်၊ လိုအပ်ချက်များကို ပြည်ထောင်စုအစိုးရ အဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က ဟန်ချက်ညီညီ အလျင်အမြန် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုသတ္တုတွင်းဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့နဲ့ချိတ်ဆက်၍ လုပ်ငန်းရှင်ပြည်သူများ၏ လိုအပ်ချက်ဖြစ်သော ကချင်ပြည်နယ် ကျောက်စိမ်းကျောက်မျက်လုပ်ငန်းရှင်များ၊ အသင်းများကိုလည်း ဖွဲ့စည်းတည်ထောင် ပေး၍ ကျောက်စိမ်းကျောက်မျက်ပြသရောင်းချမည့် တည်နေရာများကိုလည်း အကောင်အထည်ဖော် ချမှတ် သတ်မှတ်ပေးသည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ပြည်နယ်သူပြည်နယ်သား များက နိုင်ငံတော်အစိုးရကို ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်လျက်ရှိသည်ကိုလည်း သိရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုလို နိုင်ငံတော်အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်း တည်ထောင်ပေးသော ဒေသခံလုပ်ငန်းရှင်ပြည်သူများ၏ ကျောက်စိမ်းကျောက်မျက်လုပ်ငန်း ထွန်းကားလာစေရေးအတွက် ယခင်ကလို မြစ်ကြီးနားမြို့တော်သို့ သယ်ယူသယ်ဆောင်ခွင့်နှင့် သိုလှောင်စုဆောင်းထားခွင့်များကိုမရရှိပါက နိုင်ငံတော်မှ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဖွဲ့စည်းတည်ထောင်ပေးသော ကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်းများမှာ အောင်မြင်မှုမရရှိဘဲ ပြန်လည်မှေးမှိန်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏မျှော်လင့်ချက်များကို ပျောက်ကွယ်သွားမည်ဖြစ် တယ်လို့တင်ပြလိုပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ပြည်သူ၏ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ဒေသခံလုပ်ငန်းရှင်ပြည်သူများ၏ကိုယ်စားတင်ပြဆွေးနွေးအကြံပြုလိုသော ကဏ္ဍများမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကျန်ရှိသောတိုင်းဒေသကြီးများနဲ့နည်းတူ မြစ်ကြီးနား မြို့တော်တွှင် ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ထွန်းကားလာစေရေးအတွက် မြစ်ကြီးနား-မိုးကောင်းလမ်းမကြီးတွင် တားမြစ်ဖမ်းဆီးမည့်အစား မြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်နှင့် ဆဒုံးမြို့ နယ်တို့တွင်သာ တရားမဝင်ကျောက်မျက်ကျောက်စိမ်းအရိုင်းများကိုတားမြစ်ဖမ်းဆီး၍ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်းမြို့နယ်များ၌ လွတ်လပ်စွာသယ်ယူစုဆောင်းထားရှိပြီး မိမိဆန္ဒအရ ကားလမ်းနှင့် သော်လည်းကောင်း၊ ရထားလမ်းနှင့်သော်လည်းကောင်း၊ လေကြောင်းလမ်းနှင့်သော်လည်းကောင်း မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်ရှိကျောက်စိမ်းကျောက်မျက်ပြပွဲသို့ သယ်ယူပို့ဆောင်၍ ရောင်းချ နိုင်ရေးအတွက် ဒေသခံလုပ်ငန်းရှင်ပြည်သူများက လိုလားတောင့်တလျက်ရှိပါတယ်။ ထိုသို့ရောင်းချ ရန် အဆင့်မမီသော ကျောက်စိမ်းကျောက်မျက်များကို မိမိပြည်နယ်မှဖွဲ့စည်းထားသော ကျောက်မျက် ရတနာလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် မြန်မာ့ကျောက်မျက်ရတနာတူးဖော်ရေးနှင့် ရောင်းဝယ် ရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်အကြီးအကဲများက ဦးစီးဦးဆောင်စီမံခန့်ခွဲ၍ ပြည်တွင်းပြည်ပကုန်သည် များကို လေလံတင်၍သော်လည်းကောင်း၊ တင်ဒါစနစ်နဲ့သော်လည်းကောင်း ရောင်းချနိုင်ရေးအတွက် စီမံခန့်ခွဲပေးပါက ဒေသခံလုပ်ငန်းရှင်ပြည်သူများမှ ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်မည်ဖြစ်သည့် အပြင် တရားမဝင်ကျောက်စိမ်းကျောက်မျက်ရောင်းချရေးလုပ်ငန်းများကိုလည်း တားဆီးထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြုမြည်ဖစ်ပြီး ကျောက်စိမ်းကျောက်မျက်ကုန်သည် လုပ်ငန်းရှင်များ၏ သယ်ယူပို့ဆောင်စရိတ်များကိုလည်း သက်သာစေမှာဖြစ်၍ နိုင်ငံတော်နှင့် ဒေသခံလုပ်ငန်းရှင်ပြည်သူများ အကျိုးအမြတ်ပိုမိုပေါ်ထွန်းလာမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေနဲ့ လည်း ကျောက်စိမ်းကျောက်မျက်လုပ်ငန်းပိုင်းဆိုင်ရာတွင် နိုင်ငံတော်မှ ပြည်မကြီးနှင့် ပြည်နယ်များကို မျှတသောမူဝါဒဖြင့် တစ်ပိုင်းချင်းစီအခွင့်အလမ်းများကို မျှတခွဲဝေလုပ်ကိုင်ရန် ချမှတ်ပေးသည်ဟု ခံယူခံစားကြမည်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားစည်းလုံးညီညွတ်မှုများကိုလည်း အထောက်အကူ ပြုစေမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ပေါ်ထွန်းလာမည် ဖြစ်ပါသည်ဟု တင်ပြတောင်းခံရင်း ကချင်ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအဖွဲ့ တည်တံ့ခိုင်မြဲလာစေရေးအတွက်နှင့် ကချင်ပြည်နယ်၏မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့တွင် ကျောက်စိမ်းကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းထွန်းကားလာစေရေးအတွက် အထက်ပါ လုပ်ငန်းရှင်ပြည်သူများ၏ လိုလားချက်၊ လိုအပ်ချက်များကို ဘယ်နည်းဘယ်ပုံနဲ့ကူညီဆောင်ရွက် ပေးမည်ကိုသိလိုပါသဖြင့် ဒေသခံလုပ်ငန်းရှင်ပြည်သူများသိရှိနိုင်စေရေးအတွက် ပြန်လည်ဖြေကြား ပေးပါရန် မေးမြန်းပါသည်။