(ဃ)-ဆားလင်းကြီးမြို့နယ်ရှိ ငါးခုန်-ပေါင်း၀ ကျေးရွာချင်းဆက်လမ်းအား ကျောက်ခင်းလမ်း အဖြစ် အဆင့်မြှင့် ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့ ငါးခုန်-ပေါင်းဝ ကျေးရွာချင်းဆက်လမ်း ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန်ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ ဆားလင်းကြီးမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ၈ မြို့နယ်မှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ မြို့နယ် ၄ မြို့နယ်ထဲက တစ်မြို့ဖြစ်ပါတယ်။ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးကြားမှာ တောင်ယမား ခြားနားနေပြီးတော့ ဒီခြားနား နယ်စပ်မှာရှိတဲ့ ကျေးရွာအုပ်စု ၅ အုပ်စုရဲ့ ဆက်သွယ်ရေးလမ်းကြောင်းနဲ့ပတ်သက်လို့ တင်ပြခြင်း လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ အစိုးရအဖွဲ့အသီးသီးကနေပြီးတော့ ကျွန်တော်တို့ လမ်းများ ဖောက်လုပ်ပေးခဲ့ပါတယ်။ အဲဒီလမ်းများဟာ မြေသားကျောက်ခင်းလမ်းများသာဖြစ်ခဲ့တဲ့ အတွက် နှစ်ကာလကြာလာတဲ့အခါမှာ လမ်းပြုပြင်မှုနှင့် ထိန်းသိမ်းမှုအားနည်းချက်ရှိတဲ့အတွက် ဒေသခံကျေးရွာအချင်းချင်းနဲ့ ကျေးရွာအုပ်စုတွေဟာ ဆားလင်းကြီးမြို့နယ်ကို ဆက်သွယ်သွားလာတဲ့ အခါမှာ အခက်အခဲ များစွာရှိပါတယ်။ အထူးသဖြင့် ငါးခုန်၊ နောကရို့၊ ခွန်သာ၊ ဆားခါး၊ ပေါင်းဝ ကြေးရွာအုပ်စု ၅ အုပ်စုမှ ဆားလင်းကြီးမြို့သို့ သွားတဲ့လမ်းဟာဆိုလို့ရှိရင် ခန့်မှန်းအနေနဲ့ ၈ မိုင်ကျော် မြေသားလမ်း ဖြစ်ပြီးတော့ ပေါင်းဝ-ဆားခါးအထိ ၃ မိုင်ခန့်သာ ကျောက်ခင်းလမ်းရှိပါတယ်။ ကျန် ၅ မိုင်ကျော် ကျောက်ခင်းလမ်း ဆောင်ရွက်ရန်ရှိနေပါတယ်။ နောက်ကျွန်တော်တို့ ဒေသမှာ ယမားရေဟာ အချိန်မရွေးကျလာနိုင်တာွဖစ်ပြီးတော့ မြေသားလမ်းမှာ တစ်နယ်မြေတွေရှိပြီးတော့ ကျွန်တော်တို့ သံဘီးတပ်တဲ့ နွားလှည်းတွေ အသုံးပြုနေရတဲ့အတွက် လှည်းစောက်အထိ သွားလာရတဲ့အခါမှာ နွားတွေဟာ မရုန်းနိုင်ဖြစ်ပြီးတော့ ခရီးဟာ နီးလျက်နဲ့ဝေးနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒီလမ်း ဟာ လူဦးရေ ၃၃၃၇၅ ဦး မှီခိုနေရတာွဖစ်တဲ့အတွက်လည်းကောင်း၊ ဒေသခံကျောင်းသူကျောင်းသား တွေ ပညာရေးအတွက် ကျောင်းတက်ရာမှာလည်းကောင်း၊ ဒေသခံပြည်သူလူထုတွေ ကျန်းမာရေး စောင့်ရှောက်မှုရရန်အတွက် မြို့ကိုသွားရန်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းအဖြစ် ဒေသတွင်းမှာ ထွက်ရှိတဲ့ ရာသီသီးနှံ၊ နှစ်ရှည်သီးနှံတွေကို ပို့ဆောင်ရာမှာလည်းကောင်း ဒီလမ်းကို မဖြစ်မနေ အသုံးပြုနေရတာ ဖြစ်ပါတယ်။ ဒီလမ်းသာကောင်းမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကျေးရွာမှာရှိတဲ့ လူထုနှင့် မြို့နယ်လူထုဟာ ကွာဟမှုနည်းပါးပြီးတော့ တိုးတက်လာမှာဖြစ်ပါတယ်။ နောက် ကျွန်တော် တို့ ဝန်ကြီးဌာနအနေနဲ့ ပြန်ကြည့်တဲ့အခါမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းမှာ ဒေသဖွံ့ဖြိုးရေးအတွက် ွမေလမ်း ၉၀၀ မိုင်၊ ကျောက်ခင်းလမ်း ၃၀၀ မိုင်၊ ကတ္တရာခင်းလမ်း ၁၅၀ မိုင် တိုးချဲ့ဆောင်ရွက်ဖို့ ရည်မှန်းချက်ထားရှိသလိုပဲ ကျေးရွာချင်းဆက်တဲ့လမ်း တိုးချဲ့ဖို့အတွက်လည်း မြေသားလမ်း ၉၅၀၊ ကျောက်ခင်းလမ်း ၃၈၀၊ ကတ္တရာလမ်း ၁၉၀ မိုင်ဖောက်လုပ်ရန်လျာထားချက် တွေ့ရှိရပါတယ်။ အဲဒီတွေ့ရှိတဲ့အထဲမှာ ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့လမ်းဟာပါရှိခြင်းမရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီလမ်းကို ကျေးရွာအုပ်စု ၅ အုပ်စု၊ မှီခိုလူဦးရေ ၃၀၀၀၀ ကျော် ကျွန်တော်တို့ စားဝတ်နေရေးနှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအထောက်အကူပြုလမ်းနှင့် လူဦးရေ ၂၀၀၀၀၀ ခန့် ဆက်သွယ်နေတဲ့ ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု ၄၂ အုပ်စု ဆက်သွယ်နေတဲ့ ကျေးရွာချင်းဆက်လမ်းများကို ဝန်ကြီးဌာနရဲ့ရည်မှန်းချက်နှင့်အညီ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ဦးစားပေး ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် မေးမြန်းပါသည်။