(ဇ)-အုတ်ဖိုမြို့ပေါ်ရပ်ကွက်များ နှစ်စဉ်ရေကြီးမှုကာကွယ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

အုတ်ဖိုမြို့ပေါ်မှာ ရပ်ကွက် ခြောက် ရပ်ကွက်ရှိပြီး လူဦးရေ ၁၂၀၀၀ ကျော်စုစည်းနေထိုင်နိုင်တဲ့ မြို့ပေါ်ရပ်ကွက်များလည်း ဖြစ်ပါတယ်။ မြို့ပေါ်ရပ်ကွက်များကို မြို့ရဲ့မြောက်ဘက်မှာ ပတ်ခွေစီးဆင်းလာတဲ့ ဂမုန်းချောင်း ရှိပါတယ်။ ယင်းဂမုန်းချောင်းကို အရှည်နှစ်မိုင်ခွဲရှိတဲ့ ရေကာတာကြီးနဲ့ ကာထားရပါတယ်။ မြို့ပေါ် ရပ်ကွက်များကို အရှေ့ဘက်မှ တိုက်ရိုက်စီးဝင်တဲ့ ကတက်ချောင်း၊ လင်းနို့ရိုးချောင်းနဲ့ မြို့ရဲ့ တောင်ဘက်ကို စီးဆင်းသွားတဲ့ သဖန်းပင်ဆိပ်ချောင်းများရဲ့ နှစ်စဉ်ရေလျှံမှုကြောင့် ကျွန်တော်တို့ အုတ်ဖိုမြို့နယ်ဟာ၊ မြေကြီး မြေပုံအရ နိမ့်လျက်ရှိတဲ့အတွက် မြို့ပေါ်ခြောက်ရပ်ကွက်ကို နှစ်စဉ် နှစ်ပေမှသုံးပေကျော်အထိ နစ်မြုပ်လျက်ရှိပါတယ်။ ထိုကဲ့သို့ ရေကြီးနစ်မြုပ်မှုများကြောင့် ကတ္တရာလမ်းများ၊ ဂဝံလမ်းများ နှစ်စဉ်ပျက်စီးဆုံးရှုံးနေရပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေနဲ့လည်း ကျွန်တော်တို့ အုတ်ဖိုမြို့နယ်ဟာ“ဃ”အဆင့် မြို့နယ်ဖြစ်တဲ့အတွက် နှစ်စဉ်ရရှိတဲ့ ရန်ပုံငွေကျပ်သိန်း ၁၁၇၀ သာရရှိတဲ့အတွက် အုတ်ဖိုတာဆုံနှစ်မိုင်လမ်းကိုပြုပြင်ရခြင်း၊ မြို့သာယာရေး လုပ်ငန်းများ၊ ကျေးလက်လမ်းများ၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို အလှည်‌့ကျလုပ်ဆောင်နေရ တဲ့အတွက် ကျွန်တော်တို့ မြို့ပေါ် ၆ ရပ်ကွက်ရှိလမ်းများမှာ လွန်စွာပဲဆိုးရွားစွာပျက်စီးနေကြရ ပါတယ်။ ရိုသေလေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယင်းကဲ့သို့ ကျွန်တော်တို့ အုတ်ဖိုမြို့ပေါ် ရပ်ကွက်များနှစ်စဉ် ရေကြီးနှစ်မြုပ်မှုများကို သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် ဌာနများ၊ မြို့မိမြို့ဖများ၊ ပြည်သူများအနေဖြင့်လည်း ကိုယ့်အားကိုယ်ကိုးဖြင့် ရေစီးရေလာကောင်းမွန်ရေး အတွက် ရေကာတာများပြုပြင်မြေဖို့ခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းများကို အောင်သောင်း ထရန်စဖော်မာကုမ္ပဏီလီမိတက်ရဲ့ ယာဉ်ယန္တရားများ အကူအညီနဲ့ရယူပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ သို့သော်လည်း ဒီလိုဆောင်ရွက်ရာမှာ အခက်အခဲများစွာ တွေ့ရှိနေရပါ၍ ကျွန်တော်တို့ အုတ်ဖိုမြို့ပေါ် ရပ်ကွက်များ နှစ်စဉ်ရေကြီးမှုနှင့်ပတ်သက်ပြီး ကျွန်တော် မေးမြန်းသိရှိလိုတာကတော့(၁) အုတ်ဖို မြို့၏ နှစ်စဉ်ရေကြီးနစ်မြုပ်မှုကို နိုင်ငံတော်မှသိရှိပါသလား။ (၂)ယင်းအခက်အခဲများကို ကူညီဆောင်ရွက် ပေးရန်အစီအစဉ်ရှိပါသလား။ (၃)ဆောင်ရွက်ပေးရန်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေး မည်ဆိုတာကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။