(ည)-တောင်သမန်အင်း ပတ်လည်တွင် တိမ်မြုပ်ပျောက်ကွယ်နေသော လယ်ယာမြေများကိုပြန်လည်ဖော် ထုတ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်မှာ သမိုင်းဝင် နေရာတစ်ခုဖြစ်တဲ့ တောင်သမန်အင်းနှင့် ပတ်ဝန်းကျင်ဟာ အထင်ကရနေရာတစ်ခုအဖြစ် တည်ရှိခဲ့ ပါတယ်။ တောင်သမန်အင်းတွင် မြောက်အင်းနှင့် တောင်အင်းတို့ တည်ရှိပြီး အလယ်တွင် တိုင်ပေါင်း ၁၀၈၆ တိုင်၊ ၇.၈ ဖာလုံ ရှည်လျားသော သစ်သားဖြင့်ပြုလုပ်ထားတဲ့ ဦးပိန်တံတားဖြင့် ပိုင်းခြားထားပြီး သဘာဝအရ ရေဝေရေလဲဒေသကြီးအဖြစ် ထင်ရှားခဲ့ပါတယ်။ သဘာဝရေဝေရေလဲဒေသကြီးဖြစ် သဖြင့် မိုးတွင်းကာလမှာ တောင်သမန်အင်းသို့ ဝါဆိုလမှစတင်ပြီး တန်ဆောင်မုန်းလအထိရေများ ဝင်ရောက်သောနေရာနှင့် တန်ဆောင်မုန်းလကုန်မှ နောင်နှစ် ဝါဆိုလအထိ ရှစ်လတိုင် ခြောက်သွေ့ အေးမြသောနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုခြောက်သွေ့အေးမြတဲ့ ရှစ်လကာလအတွင်းမှာ ယခင်က တောင်သမန်အင်းပတ်လည်မှာ လယ်ယာမြေများကို ထွန်ယက်စိုက်ပျိုးကြသဖြင့် တောင်သမန်အင်း ပတ်လည်တွင် ကြည်‌့ရှုမဆုံးနိုင်သော သဘာဝအလှရှုခင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ယခင်အချိန် ကာလက တောင်သမန်အင်းပတ်ဝန်းကျင်အလှကို သုံးပန်လှ သို့မဟုတ် သုံးရာသီအလှဟု ခေါ်ဆို ခဲ့ကြပါတယ်။ နွေကာလမှာ နွေအလှ၊ မိုးကာလမှာ မိုးအလှနှင်‌့ ဆောင်းကာလမှာ ဆောင်းအလှအဖြစ် ပေါ်လွင်ထင်ရှားရာဒေသဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ အလွန်သဘောကျ နှစ်ခြိုက်သောနေရာ တစ်ခုဖြစ်ခဲ့ပါတယ်။ တောင်သမန်အင်းနယ်နိမိတ်နှင့် ထိစပ်ဆက်စပ်နေတဲ့ ရပ်ကွက်၊ကျေးရွာများဟာ ပြည်ကြီးတံခွန် မြို့နယ်မှာ တံခွန်တိုင်ရပ်ကွက်၊ အမရပူရမြို့နယ်မှာ ရွှေဂွမ်းထုပ်ဆင်စွယ်ပိုးရပ်ကွက်၊ တောင်သမန် ကျေးရွာအုပ်စု၊ ဓနုန်း၊ ဘိုးအုန်း၊ ပန်းချီ၊ ဟင်္သာကျေးရွာအုပ်စုများအပြင် အခြားကျေးရွာ အုပ်စုများနဲ့လည်း သွယ်ဝိုက်၍ ဆက်စပ်နေသော ရေဝေရေလဲဒေသကြီးဖြစ်ပါတယ်။ ရေဝေရေလဲ ဒေသကြီးဖြစ်သဖြင့် ရေဝင်ပြီး အချိန်ကာလမှာ အပင်များ ရှင်သန်ကြီးထွားစေသော မြေဆီများ ကျန်ရစ်သော နေရာ၊ သဘာဝငှက်၊ တိရစ္ဆာန်များ ကျက်စားသောနေရာကြီးနှင့် သဘာဝဂေဟစနစ်ကို ထိန်းကျောင်းပေးသော ဒေသကြီးတစ်ခုဖြစ်ပါတယ်။

ရေဝေရေလဲဒေသဖြစ်သဖြင့် မိုးကာလရေဝင်ရောက်ချိန်မှာ သဘာဝရေချိုငါးမျိုးစိတ်များ ပေါက်ဖွားရာ နွေနဲ့ဆောင်းကာလ ရေကျချိန်တွင် ထွန်ယက်စိုက်ပျိုးနိုင်သော၊ မြေဆီများကျန်ရှိသော ဒေသကြီးဖြစ်ပါတယ်။ မြေဆီများကျန်ရှိသောဒေသကြီးဟာ တောင်သမန်အင်း ပတ်လည်မှာဖြစ်ထွန်း နေပြီး နွေနဲ့ဆောင်းကာလမှာ တောင်သမန်အင်း နယ်နိမိတ်နဲ့ထိစပ်နေသော ရပ်ကွက်၊ ကျေးရွာအုပ်စု များက ယခင်က စပါးများ၊ နှမ်းနှင့် မြေပဲပါဝင်သော ပဲမျိုးစုံနဲ့ အခြားသီးနှံများ စိုက်ပျိုးခဲ့တဲ့ဒေသကြီး ဖြစ်ပြီး တောင်သူများဝင်ငွေတိုးကာ အကျိုးစီးပွားဖြစ်ထွန်းပြီး ကုသိုလ်‌ကောင်းမှု ဖြစ်ထွန်းရာ၊ အလှူပေးရာ ဒေသကြီးလည်းဖြစ်ပါတယ်။ ယခုအခါ တောင်သမန်အင်းကို သဘာဝရေဝေရေလဲ ဒေသ၏ အရေးပါသော ချောင်း၊ မြောင်းများကို ရေကန်များ၊ ရေထိန်းတံခါးများ ပြုလုပ်၍ တောင်သမန်အင်းကို ရာသီမပြတ် ရေများထည့်ထားမှုကြောင့် ဖော်ပြပါသဘာဝဂေဟစနစ်များ ပျက်ပြားလာခဲ့ပါတယ်။ တောင်သမန်အင်းပတ်လည်ရှိ တောင်သူလယ်သမားများ သမာအာဇီဝ လုပ်ကိုင်စားသောက်နေကြသော လယ်ယာမြေများ တိမ်မြုပ်ပျောက်ကွယ်နေရပါတယ်။ ယနေ့ အချိန်တွင် နိုင်ငံတော်မှ တောင်သူလယ်သမားများအကျိုး ရှေးရှု၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ တောင်သမန်အင်း ပတ်လည်ရှိ တောင်သူလယ်သမားများသည် မိမိတို့လယ်ယာမြေများကို ပြန်လည်လုပ်ကိုင်ဆောင်ရွက် နိုင်ခြင်းမရှိဘဲ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတော်မှချမှတ်လုပ်ဆောင်နေသော အချက်များ၏ အကျိုးကျေးဇူးများကို မခံစားရဘဲရှိနေပါတယ်။ နွေရာသီမှာ အမှန်တကယ် တောင်သမန်အင်း ရေဧရိယာဟာ ၁၀ ဧကလောက်သာရှိပြီး သဘာဝရေဝင်ချိန်မှာ အင်းရေ ဧရိယာဟာ လယ်ယာများအပေါ်ဖုံးလွှမ်း၍ ကျယ်ပြန့်ရမည်ဖြစ်ပါတယ်။ သို့ပါသော်လည်း ရာသီမပြတ်ရေများသွင်းထားမှုကြောင့် လယ်ယာမြေအများစု တိမ်မြုပ်ပျောက်ကွယ်နေရပါတယ်။ တောင်သမန်အင်းကို ရာသီမပြတ်ရေများ ဖြည့်တင်းထားရှိမှုကြောင့် ကျန်းမာရေးဆိုင်ရာအဖြစ် ခြင်များပေါက်ဖွားမှုများပြီး သွေးလွန်တုပ်ကွေးရောဂါများ၊ စက်မှုလုပ်ငန်းရှင်များ၏ စွန့်ပစ်ရေဆိုးများ ဝင်ရောက်သဖြင့် အင်းရေများ သန့်ရှင်းမှုမရှိခြင်း၊ ဒီရေဆိုးများကြောင့် တောင်သမန်အင်းမှာရှိတဲ့ ငါးများဟာ အနံ့ဆိုးများစွဲကပ်ပြီး စားသောက်ရာမှာ အန္တရာယ်ဖြစ်ပေါ်ခြင်း၊ သဘာဝဂေဟစနစ်များ ပျောက်ဆုံး၍ အချို့ငှက်မျိုးစိတ်နဲ့ သတ္တဝါများ မတွေ့ရှိရတော့ခြင်း ယနေ့အချိန်တွင် သဘာဝအရ ပေါက်ဖွားသော ငါးမျိုးစိတ်များ မတွေ့ရှိရခြင်းတို့ ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် တောင်သမန်အင်း သို့ ရေများအဆက်မပြတ်ဖြည့်တင်းမှုကြောင့် ကမ္ဘာကျော် ဦးပိန်တံတား၏အခြေတိုင်များ ယိုယွင်း ပျက်စီးမှုများနှင့် သမိုင်းဝင်မယ်ဇယ်ပင်ကြီးများ ရေများအမြဲထိတွေ့နေ၍ အပင်များသေဆုံးနိုင်သည် အထိ ဖြစ်ပေါ်နေပြီး ရေများဖြည့်တင်းမှုကြောင့် သဘာဝရေဝင်ရေထွက်ချောင်းများ ပျက်စီးခြင်းများနဲ့ ကြုံတွေ့နေရပါတယ်။

          လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်၏မေးခွန်းပါ အကျိုးအကြောင်းဖော်ပြချက် များကို ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်၏ဘတ်ဂျက်နှင့် အချိန်တို့မကုန်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း မိမိတို့၏တောင်သူလယ်သမား၊ ပြည်သူများအပေါ် ရင်ဝယ်သားကဲ့သို့ သနားညှာတာစွာဖြင့် ဆောင်ရွက်ပေးမည့်အချိန်ကို ယုံကြည်မျှော်လင့်လျက် ဖော်ပြပါမေးခွန်းအား လေးစားစွာ မေးမြန်း အပ်ပါတယ်ခင်ဗျား။ တောင်သမန်ကန်(တောင်သမန်အင်း)အား သဘာဝအတိုင်း ရေဝေရေလဲ ဒေသကြီးတစ်ခုပြုလုပ်၍ တောင်သမန်ကန် (တောင်သမန်အင်း)ပတ်လည်တွင် တိမ်မြုပ်ပျောက်ကွယ် နေသော လယ်ယာမြေများကို ပြန်လည်ဖော်ထုတ်ရန်အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။