(ခ)-လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အကြောင်းအရာ ၂ ခု နှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များဟာ ပြည်သူနဲ့ထိတွေ့ပြီးတော့မှ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေကို ဖော်ထုတ်ပြပြီးတော့ ယနေ့ ဒီမိုကရေစီနိုင်ငံတော်ကြီး အမြန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံခန့်ခွဲသူများဖြစ်ကြတဲ့ အစိုးရအဖွဲ့ကို ပြည်သူ့ဆန္ဒလိုလားချက်တွေ ဒါတွေတော့ရှိပါတယ်။ ဒါတွေကိုတော့ ဘယ်လိုဆောက်ရွက်ပေးကြပါ။ ဘယ်ဟာတွေကတော့ လွှတ်တော်နဲ့ပူးပေါင်းဆောင်ရွက်ကြပါလို့ဆိုလိုတဲ့ ကူညီထောက်မတဲ့ မေးခွန်းများပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူ့ဘဏ္ဍာငွေနဲ့တည်ထောင်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေ ကလည်း ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေတင်ပြနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက် တွေကို ဖော်ပြခြင်းမရှိတော့ပါဘူး။ နိုင်ငံပိုင်သတင်းစာတွေမှာ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေ ဆိတ်သုဉ်းနေတယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်ယူဆပါတယ်။ ဒီနေ့ ပြည်သူတွေက နိုင်ငံတော်မှာ ဒီမိုကရေစီ အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ လျှပ်စစ်ဓာတ်အားအပြည့်အဝရလိမ့်မယ်လို့ ရွေးကောက်ပွဲအပြီးမှာအထူးပဲမျှော်လင့်ခဲ့ပါတယ်။ ယနေ့ ၂ နှစ် တာကာလနီးပါးကြာတဲ့တိုင်အောင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုနဲ့ ကြုံတွေ့နေရဆဲပဲဖြစ်ပါတယ်။ နောက်လာမယ့်နှစ်တွေမှာ ယခုလိုလျှပ်စစ်ဓာတ်အားမလုံလောက်မှုမျိုးမရှိအောင် ဘယ်လိုစီမံ ဆောင်ရွက်ပေးနေပါသလဲဆိုတာ ကို ပြည်သူတွေကအသိချင်ဆုံးဖြစ်ပါတယ်။ FDI Law ဟာ ပေါ်ပေါက်လာပြီဖြစ်သော်လည်းပဲ မြန်မာနိုင်ငံမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိလို့ရှိရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘယ်လိုမှမျှော်လင့်လို့ရမှာမဟုတ်ပါဘူး။ ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေလည်း ကျဆင်း လာမှာ ဖြစ်ပါတယ်။ အဲ့ဒီအခက်အခဲတွေကို အမြန်ဆုံးကျော်လွှားနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းတွေကို ရေတိုစီမံကိန်းဖြစ်တဲ့ ဆိုလာပါဝါ၊ ဂက်စ်တာဘိုင်နှင့် ရေရှည်စီမံကိန်းဖြစ်တဲ့ Hydropower တွေကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒါလည်း တည်ဆောက်နေဆဲလည်းရှိတယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းတွေရဲ့လိုအပ်ချက်တွေကို ကျွန်တော်တို့ လွှတ်တော်နဲ့ပူးပေါင်း ပြီးတော့ အမြန်ဆုံးပြီးစီးရေးအတွက် ဘတ်ဂျက်တွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း လိုအပ်မယ် လို့ ထင်မြင်ယူဆပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခု ဓာတ်အားမလုံလောက်မှုကြောင့် ဓာတ်အား ပြတ်တောက်မှုတွေရှိလာတဲ့အခါမှာ လာဘ်ပေးလာဘ်ယူမှုဆိုတာ ပေါ်ပေါက်မှုရှိလာပါတယ်။ ယခု အချိန်အခါမှာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဘုရားပွဲတော်တွေကျင်းပနေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီလို ဘုရားပွဲတော်တွေကျင်းပတဲ့အချိန်အခါမှာ ဓာတ်အားပုံမှန်ဖြတ်ဖို့အတွက် အထက်ပိုင်းကညွှန်ကြားတာ ၃ နာရီလို့ညွှန်ကြားရင် အကြောင်းအမျိုးမျိုးပြပြီးတော့ ဓာတ်အားဖြတ်ချိန်တွေ ပိုမိုဖြတ်ကြတာ ရှိပါ တယ်။ အဲ့လိုလုပ်မှာစိုးရိမ်တဲ့အတွက်ကြောင့် ဓာတ်အားခွဲရုံတွေကို ဘုရားကငွေတွေကို ပူဇော်ပသ နေရတာတွေရှိပါတယ်။ ဒါဘာကြောင့်ဖြစ်သလဲဆိုရင် ဓာတ်အားမလုံလောက်မှုကို အခွင့်ကောင်းယူပြီး တော့ လာဘ်ပေးလာဘ်ယူမှုကို ပုဒ်မ ၄ ပေးမှလုပ်၊ အပိုင်းလေး အပေးလိုင်းဆိုတဲ့ အရပ်ထဲကပြောနေ တဲ့စကားလိုပဲဖြစ်ပေါ်နေတာရှိကြောင်း ဤလွှတ်တော်မှတစ်ဆင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လက်ရှိ အခြေအနေမှန်တွေကိုသိမှ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုဖြစ်မှာမို့လို့ အခြေအနေတွေကို မကွယ်မဝှက် အသိပေးတင်ပြခြင်းဖြစ်ပါတယ်။ အခြေအနေမှန်တွေကို ဖုံးကွယ်ပြီးတော့ သကာလောင်းတင်ပြချက် တွေကြောင့် အမှားကိုအမှန်ထင်ပြီးတော့ ခေတ်စနစ်တွေပျက်စီးခဲ့ရတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်း ၂ ခုကတော့ (က) ယခုအခါ အများပြည်သူကို လျှပ်စစ် မီးလုံလောက်စွာပေးမည်ဆိုသော်လည်း ပျော်ဘွယ်မြို့တွင် နေ့ရောညပါ မီးမကြာခဏပျက်လေ့ ရှိပါ တယ်။ တစ်နေ့ ၂ နာရီကြာ၊ တစ်ခါတစ်ရံ ၁၅ မိနစ်ကြာ တစ်နေ့ ၃ ကြိမ် လောက်ကြုံရပါတယ်။ ပျက်ချိန်အတိအကျမရှိပါဘူး။ ယခုဆောင်းတွင်းမှာတောင်မှ ယခုလိုပျက်နေရင် နွေရာသီမှာ မီးမလာ၊ ရေမလာဖြစ်မှာကို ပြည်သူတွေကစိုးရိမ်ထိတ်လန့်နေပါတယ်။ ဘာကြောင့် မီးပျက်တယ်ဆိုတာကို သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှ အများပြည်သူသို့အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာွခင်း၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ အချိန်နှင့်တစ်ပြေးညီအသိပေးခြင်း များပြုလုပ်သင့်တယ်လို့ ထင်မြင်ယူဆပါတယ်။ ထိုသို့ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိနှင့် အများပြည်သူ များစိတ်ချမ်းမြေ့စွာနေထိုင်ရေး လျှပ်စစ်မီးစဉ်ဆက်မပြတ်ရရှိအောင် မည်သို့ဆောင်ရွက်စီစဉ်ပေးမည် ကိုသိရှိလိုကြောင်း ပထမမေးခွန်းဖြစ်ပါတယ်။ (ခ) အနေနဲ့ ယခု FDI Law ပေါ်ပေါက်လာပြီ ဖြစ်ပါ တယ်။ ၂၀၁၅ မှာ AFTA မှာ လွတ်လပ်တဲ့ အာဆီယံစီးပွားရေးဇုန်အတွင်းသို့ ဝင်ရောက်ရာတွင် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာအသုံးပြုခွင့်ရမှသာ အထောက်အကူ ပြုနိုင်မှာဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း လျှပ်စစ်ဓာတ်အားပြည့်ဝမှ သာလာရောက် ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယခုနှစ်လို စက်မှုလုပ်ငန်းများ ဓာတ်အားဖြတ်တောက် လျှော့ချခြင်းများသည် နိုင်ငံတော်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်အဟန့်အတား ဖြစ်စေပါတယ်။ နောင်နှစ်မှာ ဤသို့မဖြစ်အောင် မည့်ကဲ့သို့ စီမံထားရှိသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။