(ဃ)-ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

မေးမြန်းလိုတဲ့ပထမမေးခွန်းကတော့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ပတ်သက်လို့ အကျဉ်းချုပ် လေးရှင်းပြပေးပါခင်ဗျား။ ဒုတိယမေးခွန်းကတော့ ဒီစီမံကိန်းကြီးနဲ့အတူ ကျွန်တော်တို့ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါသလဲ သိလိုပါတယ်ခင်ဗျား။ တတိယ မေးခွန်းအနေနဲ့ကတော့ ဒီစီမံကိန်းကြီးတည်ဆောက်နေတဲ့ နဘူးလယ်ဒေသအတွင်းမှာ ရွှေ့ပြောင်း        ရမယ့် ဒေသခံရွာ ၁၉ ရွာ၊ လယ်ယာ၊ ဥယျာဉ်ခြံမြေတွေ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ ထူထောင်နိုင်ရေး အတွက် မည်ကဲ့သို့အစီအစဉ်များရှိပါလဲဆိုတာ သိချင်ပါတယ်ခင်ဗျား။ နောက်ဆုံးမေးခွန်းအနေနဲ့ ကတော့ ကျေးရွာရှစ်ရွာ ဒီစီမံကိန်းအတွင်းကနေ အရင်ဆုံး ပြောင်းရွှေ့ရမယ်ဆိုတာသိတဲ့အတွက် ဒီပြောင်းရွှေ့ရမယ့်ကျေးရွာရှစ်ရွာအတွက် ဘယ်လိုအစီအစဉ်များရှိပါသလဲဆိုတာကို သိချင်လို့ မေးမြန်းရခြင်းဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော် အနည်းငယ်ရှင်းပြပါရစေ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းမှာရှိတဲ့ နဘူးလယ်ဒေသမှာ တည်ဆောက်နေတဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်ခင်ဗျား။ ရေဖြူမြို့နယ်ဟာ ကျွန်တော်ရဲ့မဲဆန္ဒနယ်လည်းဖြစ်ပါတယ်ခင်ဗျား။ ဒီစီမံကိန်းကြီးနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဒေသခံ တွေနဲ့ပြည်သူတွေရဲ့ ခံစားချက်ကတော့ ဒီစီမံကိန်းကြီး အမြန်ဆုံးပြီးမြောက်အောင်မြင်လာဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဝမ်းမြောက်ဝမ်းသာနဲ့ကူညီကြမှာပဲဖြစ်ပါတယ်ခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းကြီးဟာ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာရှိတဲ့ မက်တာဘွက် ရေနက်စီမံကိန်းထက်ပိုပြီး ကြီးမား တဲ့စီမံကိန်းဖြစ်တဲ့အပြင် အထူးစီးပွားရေးကုန်သွယ်ရေးဇုန်ဖြစ်လာမယ့် နေရာလည်းဖြစ်ပါတယ်။ အဲဒီအခါမှာ ဒေသခံတွေအနေနဲ့လည်း သူတို့တစ်သက်လုံးက နေလာခဲ့ကြတဲ့ နေရာကနေပြောင်းရွှေ့ ပေးရမှာဖြစ်သော်လည်းပဲ ဒေသအတွက် ဖွံ့ဖြိုးလာမယ့်နေရာအတွက် ကျွန်တော်တို့ ဒေသခံပြည်သူ များအလုပ်အကိုင်များရရှိလာနိုင်မယ့် ကိစ္စတွေဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြခြင်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း ရေနက်ဆိပ်ကမ်းစီမံကိန်းကို လွန်ခဲ့သောနှစ် ၄၀ လောက် ကတည်းက ဖြစ်မြောက်တည်ဆောက်နိုင်အောင် ကြိုးပမ်းလာခဲ့တာဖြစ်ပေမယ့် အရင်တုန်းကတော့ တနင်္သာရီတိုင်းအတွင်းက အကျဉ်းဆုံးတစ်နေရာကို ရွေးပြီးတော့ Canal လို့ခေါ်တဲ့ တူးမြောင်း ဖောက်ပြီးတော့သွားနိုင်ဖို့အတွက် သူတို့ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကလည်း အကြောင်း ကြောင်းကြောင့် မအောင်မြင်ခဲ့ပါဘူး။ အခုလို ကုန်းတစ်ပိုင်းရေတစ်ပိုင်းနဲ့ ရေနက်ဆိပ်ကမ်းကြီး တည်ဆောက် ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ အာဆီယံဒေသအတွင်းက နိုင်ငံများအနေနဲ့ အရှေ့၊ အနောက် ပင်လယ်ကိုရက်ပိုင်းအတွင်း၊ အချိန်တိုတိုအတွင်းနဲ့ ဖြတ်သန်းသွားလာနိုင်မှာဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံအတွက်တော့ အင်မတန်အကျိုးများတဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။ အရင်တုန်းကဆိုရင်တော့ မလက္ကာရေလက်ကြားကနေ ဖြတ်ပြီးသွားရတဲ့ အခါတုန်းက အချိန် ကုန်တာတွေ၊ ကုန်ကျစရိတ်တွေများတာ‌တွေ ဖြတ်တောက်သွားနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဒီ စီမံကိန်းကြီး အောင်မြင်ဖို့အတွက်လည်း ထိုင်းနိုင်ငံဘက်ကလည်း အထူးကြိုးစားနေတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့်မို့လို့ ပထမမေးခွန်းလေးကို ကျွန်တော် မေးရခြင်းဖြစ်ပါတယ်။ ဒုတိယ မေးခွန်းဖြစ်တဲ့ စီမံကိန်းနဲ့အတူ ကျွန်တော်တို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုအစီ အစဉ်များရှိပါသလဲဆိုတာမှာ ကျွန်တော်တို့ ရေဖြူမြို့နယ်ထဲမှာပဲ ကံပေါက်ဒေသမှာဆိုလို့ရှိရင် Total ဓာတ်ငွေ့ပိုက်လိုင်း ထိုင်းနိုင်ငံကိုသွယ်ထားတာရှိပါတယ်။ အနောက်ပိုင်းမှာ ပတ်ထရိုနတ်စ် ကနေ ဓာတ်ငွေ့ပိုက်လိုင်း သွယ်ထားတာရှိပါတယ်။ ယခုဆိုရင် ထိုင်းနိုင်ငံ PTT နဲ့ ဇောတိက စီမံကိန်းဆိုပြီး တော့လည်း ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းတွေရှိနေပါတယ်။ အဲဒီနေရာတွေမှာ  ကျွန်တော် တို့ဘာတွေ့ရလဲဆိုတော့ ဒီစီမံကိန်းလုပ်တဲ့ ကုမ္ပဏီတွေကနေပြီးတော့ ဒီဒေသအတွင်းမှာ ရှိတဲ့ ကျေးရွာ လေးတွေကို ပညာရေးအပိုင်း၊ ကျန်းမာရေးအပိုင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ရွာချင်းဆက်လမ်းတွေ၊ ရွာချင်းဆက်တံတားလေးတွေ အဆင်ပြေပြေကူးသန်း သွားလာနိုင်အောင် စသဖြင့် စာသင်ကျောင်း၊ လူမှုရေး၊ သာသနာရေးတော်တော်များများမှာ ကူညီလုပ်ကိုင် တည်ထောင် ပေးထားတာတွေ ကျွန်တော်တို့တွေ့ရပါတယ်။ သို့သော်လည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက် လို့တော့ အဲဒီအပိုင်းတွေ ကျွန်တော်တို့ မတွေ့ရသေးတဲ့အတွက် ကျွန်တော်မေးမြန်းရခြင်းဖြစ်ပါတယ်။ ဒီစီမံကိန်းကြောင့် ကျွန်တော်တို့ ဒေသကြီးဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာကတော့ မလွဲဧကန်ပါပဲ။ အခုတောင်မှ ကျွန်တော်တို့ဒေသခံများ ဘာတွေအရင်အကျိုးကျေးဇူးခံစားရသလဲဆိုတော့ အရင် တုန်းက နှစ်ပေါင်းများစွာငြိမ်သက်နေခဲ့တဲ့ ထားဝယ်မြို့လေး၊ ထားဝယ်ခရိုင်လေးဟာ ခုအချိန်မှာ ဆိုရင် လှုပ်လှုပ်ရှားရှားနဲ့ တိုင်းဒေသကြီးရဲ့ မြို့တော်လည်းဖြစ်လာသလို ရေနက်ဆိပ်ကမ်းစီမံကိန်း များကြောင့် မြေဈေးတွေ၊ အိမ်ရာဈေးတွေလည်း အဆမတန်ထိုးတက်ကုန်တဲ့အတွက် ဒေသခံများ လည်း ဒီအပေါ်မှာကျေနပ်နေကြပါတယ်။ ဝမ်းသာနေကြပါတယ်။ သိပ်ပြီးတက်သွားတဲ့အခါကျတော့ လည်းမကောင်းဘူးပေါ့ခင်ဗျား။ ကျွန်တော်တို့ ဒေသခံတွေ ပြန်မဝယ်နိုင်တော့ဘူးခင်ဗျား။ ဒေသကြီး ဖွံ့ဖြိုးတိုးတက်သလို တစ်ဖက်မှာလည်း တစ်သက်လုံးလုပ်ကိုင်နေထိုင်လာခဲ့တဲ့ နေရာလေးတွေကတော့ ရွှေ့ပြောင်းပြီး အဆုံးခံရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီရသလို တစ်ဖက် မှာလည်း ဆုံးရှုံးမှုလေးတွေကတော့ အနည်းငယ်တော့ရှိနေတာတွေ့ရပါတယ်။ တတိယမေးခွန်း အနေနဲ့ ပြောရရင်တော့ နည်းနည်းအရေးကြီးပါတယ်ခင်ဗျား။ ဒါတွေဟာ ကျွန်တော်တို့ ဒေသခံ ပြည်သူများ လက်တွေ့ခံစားနေရတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော် အသေးစိတ်ကလေး နည်းနည်း ရှင်းပြပါရစေ။ ကျွန်တော်တို့ရွာပေါင်း ၁၉ ရွာလောက် ရွှေ့ပြောင်းရမယ်လို့ ကျွန်တော်တို့ သိထား ပါတယ်။ သို့သော်လည်း ဘယ်အချိန်၊ ဘယ်အခါမှာ ရွှေ့ပြောင်းရမယ်။ ဘယ်နှစ်နှစ်နေရင် ရွှေ့ပြောင်း ရမယ်။ ရွှေ့ပြောင်းရမယ့်နေရာ အကြမ်းဖျဉ်းအားဖြင့်တော့ရင် ရငဲ၊ ဧကနီးပိုင်း၊ ဝါးစွမ်း တောပိုင်း ဒီဘက်ကဆိုလို့ရှိရင် ဘဝါး၊ ထွက်ဝါပိုင်း အဲဒီအပိုင်းတွေကို ပြောင်းရွှေ့ရမယ်လို့ အကြမ်းဖျဉ်း သိထားပါတယ်။ သို့သော်လည်း ယခုအချိန်ထိတော့ အဲဒီနေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း မရှိသေးပါဘူး။ သူတို့ရွှေ့ပြောင်းရမယ့် ကျေးရွာနေရာတွေအတွက် ပြန်လည် တည်ဆောက်မှုတွေ၊ တည်ထောင်မှုတွေလုပ်နေတာ ကျွန်တော်တို့မတွေ့သေးပါဘူး။ သို့သော်လည်းပဲ အောက်ပိုင်းမှာကတော့ ဟိုနေ့ရွှေ့ရမလို၊ ဒီနေ့ရွှေ့ရမလိုဖြစ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေတဲ့အတွက် ကျွန်တော်တို့မေးရခြင်းဖြစ်ပါတယ်။ နောက်တစ်ခါ သူတို့တစ်သက်လုံး တည်ထောင်လာခဲ့တဲ့ သီဟိုခြံ၊ ရာဘာခြံ၊ ကွမ်းခြံ၊ အုန်းခြံ စသဖြင့် ခြံကြီးများ၊ လယ်ယာ၊ဥယျာဉ်မြေများ ကတော့ ဒါတွေလည်း စီမံကိန်းမှာပါသွားမှာပါပဲ။ အသိမ်းခံရမှာပါပဲ။ ဒီအပိုင်းတွေနဲ့ ပတ်သက်လို့က တော့သက်ဆိုင်ရာလျော်ကြေး စီစဉ်ပေးမယ်လို့သိရပါတယ်။ ဥယျာဉ်ခြံမြေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ပြောင်းရွှေ့သွားပြီးလို့ရှိရင်လည်း နှစ်ရှည်စီမံကိန်းနဲ့ ပြန်လည်တည်ထောင်ရမှာဖြစ်ပါ တယ်။ အဓိကပြောချင်တာကတော့ လယ်ယာမြေကိစ္စပါပဲ။ အဲဒီဒေသ ၁၉ ရွာအတွင်းမှာရှိတဲ့ လယ်ယာမြေများ၊ လူဦးရေသုံးသောင်းကျော်ရှိတဲ့ လယ်ယာမြေများ သူတို့စပါးစိုက်ပျိုးပြီးတော့ သူတို့ဒေသထွက်တဲ့ဆန်ကိုပဲ သူတို့ပြန်ပြီးတော့စားသုံးနေပါတယ်။ ဒါပေမယ့် သူတို့အဲဒီဒေသက မြေဆီသြဇာမကောင်းဘဲနဲ့ သဲဆန်တဲ့မြေမျိုးဖြစ်တဲ့အတွက်ကြောင့် လယ်တွေဟာဆိုလို့ရှိရင် တစ်ဧက မှာတင်း ၂၀၊ ၂၅ ထွက်နိုင်ဖို့ အတော်ကြိုးစားပြီးလုပ်ယူရပါတယ်။ သူတို့ဆီက ထွက်တဲ့ဆန်ကလည်း သိပ်မကောင်းပါဘူးခင်ဗျား။ အမျိုးအစားလည်းညံ့ပါတယ်။ ဒါလည်း ကျွန်တော်သူတို့နဲ့အတူတူ စားသောက်ခဲ့လို့ သိရတာပါခင်ဗျား။ သူတို့ဒေသအတွက်တောင်မှ သူတို့မလောက်ဘဲနဲ့ အမြဲတမ်း အပြင်ကနေပဲ ဆန်ကိုဝယ်စားနေရပါတယ်။ အခုလို လယ်ယာမြေတွေ ပြောင်းရွှေ့လိုက်တဲ့အခါမှာ နောက်ပြောင်းရွှေ့ရမယ့်နေရာမှာ ပြန်လည်လုပ်ကိုင်စားသောက်နိုင်မယ့် လယ်ယာမြေနေရာမရှိဘူး ဆိုရင် သူတို့မှာတော့ လောလောဆယ်မှာ စားရေး၊ သောက်ရေး၊ ဆန်စပါးကိစ္စတော်တော် အခက်အခဲ တွေ့နိုင်ပါတယ်။ အဲဒီတော့ အပြင်ကနေ ဝယ်စားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသအတွင်းမှာ ဆန်တွေကို ထိန်းချုပ်ထားတဲ့အတွက်လည်း ဈေးကြီးပေးစားရမယ့်ဒုက္ခမျိုးနဲ့ တွေ့ကြုံနိုင်ပါတယ်။ အဲဒီတော့ လယ်ယာမြေတွေ ပြန်လည်ထုတ်ဖော်ပေးနိုင်ဖို့ မြေလွတ်၊ မြေရိုင်းများရှိရင်ဖြင့် သူတို့ကို လယ်မြေပြန်လည်ဖော်ထုတ်ခွင့်ပေးပါ။ ဒါမှသာသူတို့စိုက်ပျိုးစားသောက်နိုင်ပါလိမ့်မယ်။ လယ်ယာမြေ ပြန်လည်ဖော်ထုတ်ခွင့်ပေးရင်လည်း အနည်းဆုံးတစ်နှစ်၊ နှစ်နှစ်လောက် မြေရိုင်းကို ပြုပြင်ပြီးမှသာ စိုက်ပျိုးနိုင်မှာဖြစ်တဲ့အတွက် ဒါလေးကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုဌာနများ ကူညီပေးပါလို့ ကျွန်တော်တို့ပြောလိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဒေသမှာ ဒီစီမံကိန်းကြောင့် ြမေဈေးတွေ အရမ်းတက်လာတဲ့အခါကျတော့ ရှိရှိသမျှပတ်လည်ကနယ်တွေ ချောင်ကြိုချောင်ကြား မကျန်ရှာပြီး မြေတွေဝယ်ကြတယ်ခင်ဗျား။ အဲဒီ မြေဝယ်ကြတဲ့သူတွေဟာ များသောအားဖြင့် ရန်ကုန်၊ မန္တလေးနဲ့ တခြားတိုင်းတွေက ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံများကတော့ ရောင်းလို့ရတဲ့ ပိုက်ဆံတွေ ဘာလုပ်ရမှန်းမသိဘဲနဲ့ ဟိုပြေးဒီပြေးနဲ့ နောက်ဆိုရင် မြေပိုင်တောင်ရှိတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်စိတ်ပူတာကတော့ ဒီလိုမြေတွေအားလုံးကို ဝယ်ထားလိုက်တဲ့ အခါကျတော့ ဒီပြောင်းရွှေ့ရမယ့် ရွာတွေအတွက် စိုက်ပျိုးရမယ့်မြေတွေ မရှိတော့ဘူးထင်တယ်။ ဒါဆိုရင် ကျွန်တော်တို့ ဒီပြောင်းရွှေ့သွားရတဲ့ ကျေးရွာကသူတွေ ဘာနဲ့ပြန်လည်လုပ်ကိုင် စားသောက်ကြမလဲ။ သူတို့ဟာ မိရိုးဖလာတစ်သက်လုံးက စိုက်ပျိုးလုပ်ကိုင်စားသောက်လာခဲ့ကြတယ်။ တချို့က ရေလုပ်ငန်းလေး လုပ်ကြတာရှိပါတယ်။ အဲဒီတော့ သူတို့မှာ နေစရာအိမ်နေရာလေးတော့ရပါရဲ့ ပြန်လည် လုပ်ကိုင်စားသောက်ဖို့အတွက် မရှိဘူးဆိုရင် ဒီရတဲ့လျော်ကြေးတွေကိုလည်း ဘယ်လိုပြန်ပြီးတော့ အသုံးချပြီး ဘယ်လိုလုပ်ကိုင်စားသောက်ရမှန်း မသိဘူးဆိုရင် တခြားမလိုလားအပ်တဲ့ကိစ္စတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စိတ်ပူလို့မေးရခြင်း ဖြစ်ပါတယ်။ တစ်ခါပြောင်းရမယ့် ကျေးရွာတွေမှာ လျော်ကြေးကိစ္စတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုဒုတိယဝန်ကြီး သူရဦးသောင်းလွင် ဦးဆောင်တဲ့ အဖွဲ့ကလာပြီး ရှင်းလင်းပြတဲ့အခါ လူကြီးတွေရဲ့ စီမံပေးမှု၊ နိုင်ငံတော်ရဲ့ စေတနာ အင်မတန် ကောင်းပါတယ်။ ကျွန်တော်တို့ ဒေသခံပြည်သူများကလည်း အရမ်းကိုဝမ်းသာကြပါတယ်။ အဲဒီလိုသာ ဆိုရင်ဖြင့် အားလုံးအမြန်ဆုံးပြီးမြောက်အောင်မြင်အောင် ဝိုင်းကူညီကြမယ်လို့လည်း ကတိပြု ခဲ့ကြပါတယ်။ သို့သော် အုပ်ချုပ်ရေးအပိုင်း၊ အောက်ခြေပိုင်းက ကျွန်တော်တို့ကျေးရွာတွေမှာ လုပ်နေတဲ့ အခါကျတော့ တစ်မျိုးဖြစ်သွားပြန်ရော။ ဥပမာပြောရရင် ဒီဒေသမှာနေကြတဲ့သူတွေဟာ တစ်သက်လုံးနေလာကြတဲ့ အခါကျတော့ တချို့ခြံကြီး၊ ဝင်းကြီးတွေကလည်း တစ်ဧကလောက် ကျယ်ပါတယ်။ စပါးကျီကြီးတွေနဲ့ နွားတင်းကုပ်တွေနဲ့၊ ကွမ်းခြံတွေနဲ့၊ ကွမ်းပင်တွေနဲ့ ရာသီသီးနှံပင် တွေနဲ့ စိုက်ပျိုးထားတာတွေလည်းရှိပါတယ်။ တချို့လည်း အနည်းငယ်ဆင်းရဲတဲ့အတွက်ကြောင့် ခြံသေးသေးတွေနဲ့ နေကြတာဖြစ်ပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာလျော်ကြေးပေးဖို့တွေအတွက် စာရင်းတွေလိုက်ကောက်တဲ့အခါကျတော့ သူတို့နဲ့အဆင်ပြေတဲ့လူဆိုရင် ခြံသေးသော်လည်းပဲ ခြံကြီးတွေလို့ သတ်မှတ်ပေးပါတယ်။ သူတို့နဲ့ အဆင်မပြေတဲ့သူဆိုရင် ခြံကြီးသော်လည်းပဲ ခြံသေးလို့ပဲ သတ်မှတ်ပေးပါတယ်။ ကွမ်းပင်တွေ ၂၀၀ လောက်ရှိပါတယ်ဆိုရင် သူနဲ့ အဆင်ပြေတဲ့သူဆို ၄၀၀ သတ်မှတ်ပေးပါတယ်။ ကွမ်းပင်တွေ ၆၀၀ လောက် ရှိသော်လည်းပဲ သူတို့နဲ့အဆင်မပြေတဲ့သူဆို     ၂၀၀ ပဲ သတ်မှတ်ပေးပါတယ်။ ဒီလိုမတရားမှုတွေဖြစ်လာတဲ့ အခါကျတော့ သက်ဆိုင်ရာကျေးရွာ များက တိုင်ကြားထားတာတွေ ရှိလာပါတယ်။ သူတို့တိုင်ကြားတဲ့ အခါမှာလည်း ကျွန်တော်တို့လို ကိုယ်စားလှယ်တွေကို အားကိုးပြီးတော့ တိုင်ကြားတာဖြစ်ပါတယ်။ သူတို့ တိုင်ကြားလာတဲ့   ကိစ္စတွေကို ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်တို့ကို တင်ပြခဲ့ပါတယ်။ သိသာရန်နှင့်ကူညီပေးပါရန် ဆိုပြီးတင်ပြခဲ့ပါတယ်။ သို့သော် ကူညီမှုတော့မရခဲ့ပါဘူး။ ကျွန်တော်တို့ ကိုတော့ အုပ်ချုပ်ရေးပိုင်းမှာ ဝင်မပါပါနဲ့လို့ ဆူပူကြိမ်းမောင်းခံရပါတယ်။ ဒီအပိုင်းတွေမှာ ကျွန်တော်တို့ ပြည်သူများ၊ ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်များကို ကူညီပေးနိုင်ခြင်းမရှိဘဲနဲ့ ဒီအတိုင်းပဲ ငုတ်တုတ်ထိုင်ကြည့်ရတဲ့ဘဝ ရောက်သွားပါတယ်။ အဲဒီလိုသာ ကျွန်တော်တို့ရဲ့ ဒေသအတွင်းမှာ တရားမျှတမှုမရှိဘဲ အာဏာရှင်စနစ်ကြီးစိုးလာမယ်ဆိုရင် ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘဲနဲ့ ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်တွေအတွက် စိတ်မကောင်းစွာနဲ့ဘဲ ဒီအတိုင်းပဲကြည့်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကို ကူနိုင်ကယ်နိုင်မယ့်လူများရှိရင် ကူကြပါဦးလို့ ကျွန်တော် ဒီနေရာက နေပြီးတော့ တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ရဲ့ နောက်ဆုံးမေးခွန်းဖြစ်တဲ့ ကျေးရွာရှစ်ရွာ အရင် ပြောင်းရမယ်။ သူတို့အတွက် ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲလို့ တင်ပြတဲ့နေရာမှာ ကျွန်တော်တို့ သတင်းတွေအရ ပထမကျေးရွာ ရှစ်ရွာပြောင်းရမယ်။ နောက်မဟုတ်သေးဘူး။ ငါးရွာပြောင်းရမယ်။ မဟုတ်သေးဘူး။ ဒီစီမံကိန်းကြီးက ရပ်ဆိုင်းနေတယ်။ ဒါမလုပ်သေးဘူးစသဖြင့် အမျိုးမျိုးကြားနေရတဲ့ အတွက်ကြောင့် ကျွန်တော်တို့နဲ့အတူ ဒေသခံပြည်သူများစိုးရိမ်နေရတဲ့အပိုင်းမှာ သေသေချာချာ ရှင်းရှင်းလင်းလင်း လေးသိလိုပါကြောင်း မေးမြန်းပါသည်။