(ဂ)-သူဌေးရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ ရှေ့အလားအလာများ နှင့် စပ်လျဉ်းသည့် မေးခွန်း
ကျွန်တော် လေ့လာသိရှိသရွေ့ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနေနဲ့ ၂၄-၁၂-၂၀၀၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထူးစီမံကိန်းကြီးများ အကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၀၄)နဲ့ ခွင့်ပြုခဲ့တဲ့ သံတွဲမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာ မှာရှိတဲ့ သူဌေးချောင်းပေါ်မှာ တမံအလျား ၂၀၂၈ ပေ၊ တမံအမြင့် ၂၉၈ ပေ၊ ဇုန်အမျိုးအစား ရေလှောင်တမံ၊ ရေအားလျှပ်စစ်တပ်ဆင်အား ၁၀၀ မဂ္ဂါဝပ်ဓာတ်အားထုတ်လုပ်ပေးနိုင်မယ့် စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းတည်ဆောက်မယ့်နေရာမှာ ချောင်းအတွင်းမှာ ၆.၁၂ လက်မအရွယ်ရှိတဲ့ ကျောက်စရစ်ထုကြီးရှိနေတဲ့အတွက် ပေ ၁၅၀ ခန့် တည်ရှိနေတဲ့အတွက် အနက် ၁၅၃ ပေ၊ အထူ ၃.၃ ပေ ရှိတဲ့ တမံအုတ်မြစ်ရေစိမ့်ရေတားနံရံ တည်ဆောက်ခြင်းကို နည်းစနစ်အသစ်များဖြင့် ဆောင်ရွက်ခဲ့ တာဖြစ်တဲ့အတွက် ထူးခြားတဲ့ဝိသေသရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း သိရပါ တယ်။ သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၃-၂၀၀၄ ခုနှစ်မှစတင်ခဲ့ရာ ယနေ့အချိန်အထိ စီမံကိန်း ကာလ ကိုးနှစ်ခန့်ရှိပြီလည်းဖြစ်ပါတယ်။ ရေလှောင်တမံရဲ့ Dam Sheet ပြုပြင်ခြင်း၊ အဓိကကျတဲ့ တမံအုတ်မြစ်ရေစိမ့်ရေတားစနစ် ပြီးစီးခြင်းနှင့်အတူ ရေပိုလွှဲလုပ်ငန်းအချို့အနက် ပြီးစီးသော်လည်းပဲ သူဌေးချောင်းအား ရေလွှဲနိုင်ရန်အတွက် အချင်း ၃၃ ပေ၊ အလျား ၂၀၂၈ ပေ၊ ၁၇၉၄ ပေ အသီးသီး ရှိတဲ့ ရေလွှဲဥမင်လိုဏ်နှစ်ခု တည်ဆောက်ခြင်းနှင့် ရေလျှံထိန်းဖောက်လုပ်ရာမှာ အခက်အခဲ ပေါင်း များစွာတွေ့ရှိနေပြီးတော့ ခရီးတွင်ကျယ်မှုမရှိဖြစ်နေကြောင်း လေ့လာသိရှိရပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်းအရ လိုအပ်ချက်များကိုလည်းပဲ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဒီနေရာမှာ အင်ဂျင်နီယာဘူမိဗေဒ အခြေအနေညံ့ဖျင်းမှု ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနနဲ့ တိုင်းရင်းသားကုမ္ပဏီတစ်ခုတို့ စာချုပ်ချုပ်ဆိုပြီးတော့ ပြည်တွင်း ကုမ္ပဏီကနေပြီးတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ထင်ရှားတဲ့ကုမ္ပဏီကြီး တစ်ခုကို အလုပ်အပ်နှံကြောင်းလည်း သိရပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ ရခိုင်ပြည်နယ်၊ ဂွမဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ တင်သွင်းသွားတဲ့အဆိုအရ ရေအားလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သုံးရပ်အနက် ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက်မယ့် စီမံကိန်း လက်ကျန် ၁၀ ခု မဂ္ဂါဝပ်အားဖြင့် ၂၂၂၆၂ မဂ္ဂါဝပ်အထက်ပေါင်းလောင်း နန်ချို၊ ရွှေလီ(၃)၊ ဖြူးချောင်း၊ အထက်ရဲရွာ၊ ဘောဂထ၊ မဏိပူရ၊ သူဌေး၊ အမ်းချောင်း၊ ကျိုင်းတောင်းတို့ကို တိုင်းရင်းသားကုမ္ပဏီ များသို့ B.O.T စနစ်ဖြင့် လည်းကောင်း၊ နိုင်ငံခြားကုမ္ပဏီများကို JV/B.O.T စနစ်ဖြင့် လည်းကောင်း လွှဲပြောင်းလုပ်ကိုင်ခွင့် မပြုရန်ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်အပေါ်မှာ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ရှိဆောင်ရွက်ဆဲစီမံကိန်း ၁၀ ခုအနက် နောက်ဆုံးမဏိပူရ်မပါဘူး။ ဝန်ကြီးဌာနကိုယ်တိုင် လုပ်ကိုင်မယ်လို့လည်း အဆိုအား မှတ်တမ်းအဖြစ်ထားရှိကြောင်းလည်း သိရှိရ ပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်းပဲ အဲဒီအဆိုကိုလက်ခံခဲ့ပါတယ်။ ယခုလည်းပဲ လျှပ်စစ်ဝန်ကြီး ဌာနအနေနဲ့ ကိုယ်တိုင်ဆောင်ရွက်တဲ့သဘောပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ပါ၍ အောက်ပါ မေးခွန်းများကို ကျွန်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါတယ်။ သူဌေးစီမံကိန်းရဲ့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေသည်ဟုယူဆသော အဓိက အခက်အခဲ များဖြစ်တဲ့ ရေလွှဲဥမင်လိုဏ်နှင့် ရေလျှံထိန်းလုပ်ငန်းအတွက် တိုင်းရင်းသားကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီ တို့ Contract စာချုပ်စာတမ်းအရ တာဝန်ယူထားတဲ့အွခေအနေ၊ ရခိုင်ပြည်နယ် ဒေသအတွင်း အဓိကကျတဲ့ရေအားလျှပ်စစ်စီမံကိန်းမှာ လျှပ်စစ်အမြန်ရရှိသုံးစွဲနိုင်ရေးအတွက် စီမံကိန်းကို B.O.T သို့မဟုတ် JV/BOT စနစ်တစ်ခုခုကို လွှဲပြောင်းပေးရန် အစီအစဉ်ရှိခြင်းကြောင့် ယခုလိုကြန့်ကြာ နေခြင်းဖြစ်၊ မဖြစ်နဲ့ ဘဏ္ဍာငွေခွဲဝေရရှိမှုနည်းပါးခြင်းကြောင့် ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ။ ဘဏ္ဍာငွေ ခွဲဝေမှုနည်းပါးခြင်းမှန်ကန်မှုရှိ၊ မရှိ။ သူဌေးစီမံကိန်းကို ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော် တွင် ကတိပြုခဲ့သည့်အတိုင်း ဝန်ကြီးဌာနကိုယ်တိုင် ပါဝင်ဆောင်ရွက်မည်၊ မဆောင်ရွက်မည်။ မည်သည့်ခုနှစ်တွင် ရေလှောင်တမံနှင့် ဆက်စပ်ရသော အဆောက်အဦများပြီးစီး၍ မည်သည့်ခုနှစ် တွင် ဓာတ်အားစတင်ထုတ်လုပ်နိုင်မည်ကို မေးမြန်းခြင်း ဖြစ်ပါသည်။