(ဃ)-ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အားကစားကွင်း Inner Fencing ကာရံခြင်းနှင့် လွိုင်လင်ခရိုင် အားကစားကွင်း ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-23

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရေးအတွက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် လာစေရန် အမျိုးသားအားကစားလှုပ်ရှားမှုများကို အဆင့်ဆင့်နှစ်အလိုက်တိုးမြှင့်ဆောင်ရွက်မယ်လို့ အားကစားဝန်ကြီးဌာနရဲ့ ကောင်းမွန်တဲ့မူဝါဒနှင့် ရည်မှန်းချက်များကို လေ့လာသိရှိရပါကြောင်း ဦးစွာ တင်ပြအပ်ပါတယ်ခင်ဗျား။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်နဲ့ လက်ခံကျင်းပမယ့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် နေပြည်တော်မှာ တည်ဆောက်လျက်ရှိတဲ့ ဇဗ္ဗူသီရိအားကစားရွာနှင့် ဇဗ္ဗူသီရိ Sport Complex တည်ဆောက်ခြင်းလုပ်ငန်းများမှာ မကြာမီ အချိန်ကာလအတွင်းပြီးစီးတော့မှာဖြစ်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစား သမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ပြုစုပျိုးထောင်လေ့ကျင့်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့မြင်ကြားသိနေရပါကြောင်း တင်ပြအပ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် အားကစားကွင်းမှာလည်း နှစ်စဉ်အားကစားပြိုင်ပွဲများကျင်းပလျက်ရှိရာ အားကစားကွင်းရဲ့ လိုအပ် သည်များကို အားကစားဝါသနာရှင်မိဘပြည်သူများရဲ့ဆန္ဒအရ အောက်ပါမေးခွန်းကိုမေးမြန်းအပ်ပါ တယ်။ လွိုင်လင်ခရိုင် အားကစားကွင်း Inner Fencing ကာရံခြင်းနှင့် လွိုင်လင်ခရိုင် အားကစား ကွင်းပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် တည်ဆောက်ပေးမည် ကို သိလိုပါကြောင်းနှင့် အစီအစဉ်မရှိပါက အဘယ်ကြောင့် မတည်ဆောက်ပေးနိုင်သည်ကို ဖြေကြား ပေးပါရန် မေးမြန်းပါသည်။